"မောင်ရယ် အချစ်ရယ် ဘဝရယ်"
“အိမ်ခွဲနေရအောင်လား မောင်ရယ် “
ကျွန်မ အားတင်းပြီပြောလိုက်ရတာပါ ။ ဒီစကားဟာ နှစ်နှစ်ကျော် အချိန်ယူပြီးမှ အားတင်းပြောရတဲ့စကား။
စကားတစ်ခွန်းအတွက် အချိန်နှစ်နှစ်ယူခဲ့ရတာပဲ ။မောင့်ဆီက စကားသံ အစား သက်ပြင်းချသံခပ်တိုးတိုးပဲ ထွက်လာတယ် ။
“မောင် “
ကျွန်မရဲ့ ခေါ်သံ အဆုံးမှာ မောင်က လေးလေးပင်ပင် ပဲခေါင်းညိတ်တယ်။
“မောင် ကြိုးစားကြည့်ပါ့မယ် မြတ်ငယ်ရယ်”
ဒီတစ်ခါ သက်ပြင်းရှိုက်မိတာက ကျွန်မပါပဲ ။ မောင့်ကို အားနာပေမယ့် ဒီအိမ်မှာနေရတာမှ အဆင်မပြေဘဲ။
လွန်ခဲ့တဲ့ နှစ်နှစ် ၊ မိုးတွေသည်းနေတဲ့ ညမှာ ကျွန်မ မောင့်နောက်လိုက်ခဲ့တယ် ။ ကျွန်မ မိဘတွေကလည်း သဘောမတူဘူး ၊ ကျွန်မကလည်း မောင်နဲ့ မခွဲနိုင်ဘူး ။
ဘယ်တတ်နိုင်မလဲ ရွေးစရာလမ်းက များများစားစားရယ်မှ မရှိဘဲ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မောင့်ဆီလာခဲ့တယ် ၊ မောင်ကလည်း မျှော်လင့်တကြီးစောင့်နေခဲ့ပါတယ် ။
“မြတ်ငယ် မောင်ကမလာတော့ဘူးထင်နေတာ”
“မလာဘဲ နေပါ့မလားမောင်ရယ် ၊ မြတ်ငယ် ခိုးထွက်ဖို့ အချိန်ကြာနေတာ”
“မှတ်ပုံတင်ရော “
“ပါတယ်မောင် ၊ ဒီမှာ “
ကျွန်မ ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်ကို ထုတ်ပြီး မောင့်ဆီပေးထားလိုက်တယ် ၊ ပိုက်ဆံအိတ်လို့သာ ဆိုတာပါ ငွေ ဆိုလို့ တစ်ပြားတစ်ချပ်မှ မပါပါဘူး ။
မုန့်ဖိုးလည်းမပေး ၊ အပြင်လည်းထွက်ခွင့်မပေးဘဲ တစ်လကျော်လောက် ပိတ်မိနေတဲ့ ကျွန်မမှာ အကြွေလေးတောင် ပါမလာဘူး။
“မောင် မြတ်ငယ်တို့ ဘယ်ကိုသွားကြမလဲဟင်”
မောင်က ကျွန်မလက်ဖမိုးကို ဖွဖွ အုပ်ကိုင်တယ်။
“မောင်တို့ရွာကို သွားကြမယ်လေ ၊ ဒီမှာနေရင် မြတ်ငယ် တို့ အိမ်က လိုက်ခွဲမှာ”