#Unicode
အိမ်ပြောင်းလာတဲ့ ပထမဦးဆုံးနေ့မှာ အိပ်လို့်မပျော်တာကြောင့် ဝရန်တာမှာထွက်ထိုင်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်နေမိတယ်။ လမင်းကြီးကိုငေးကြည့်ရင်း အကြည့်တွေက မျက်နှာချင်းဆိုင်အိမ်ကို ရောက်သွားခဲ့တယ်။
သွပ်မိုးပျဉ်ထောင်အိမ်လေးအတွင်းက အိမ်ရှေ့ခန်းမှာ စက်ချုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်တမဲ့တွေ့လိုက်ရတယ်။ ကောင်လေးက ကိုယ်နဲ့ရွယ်တူလောက်ပါပဲ။ ထူးထူးဆန်းဆန်း ကောင်ငယ်လေးစက်ချုပ်တာကို ပထမဦးဆုံးမြင်ဖူးတာမို့ သဘောကျစွာငေးကြည့်နေမိခဲ့တယ်။ အိပ်လို့လည်း မပျော်တာမို့ စက်ချုပ်နေတဲ့ကောင်လေးရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်တောင်မခတ်နိုင်ဘဲ လိုက်ကြည့်နေမိတယ်။ ပါးစပ်လေးတလှုပ်လှုပ်နဲ့ သီချင်းဆိုနေတဲ့ပုံပါပဲ။ သူလုပ်နေတဲ့အလုပ်အပေါ်မှာ သက်ဝင်စီးမြောမှုအားကောင်းတယ်။ ပြီးတော့ သူ့အလုပ်ကိုလည်း ချစ်ပုံရတယ်။ ပျော်နေတဲ့ပုံပါပဲ။ အပြုံးလေးတွေက တောက်ပလို့နေတယ်။
သဘောတကျ ငေးစိုက်ကြည့်နေတုန်းမှာ စက်ချုပ်နေတဲ့ကောင်လေးက အိမ်ထဲကထွက်လာတယ်။ ပြီးတော့ တာလမ်းပေါ်မှာ အကြောလျှော့ပြီး လမ်းလျှောက်နေပါတယ်။ ဒီကောင်လေးဟာ ကိုယ့်အတွက် သူငယ်ချင်းဖြစ်လာနိုင်တာမို့ စကားပြောကြည့်ချင်တယ်။ ပြီးတော့ သူငယ်ချင်းဖြစ်ချင်တယ်။
အိမ်ပေါ်ကနေပြေးဆင်းလာပြီး ရေခဲသေတ္တာထဲက လိမ္မော်သီးနှစ်လုံးကို နှိုက်လာခဲ့လိုက်တယ်။ ဧည့်ခန်းထောင့်မှာရှိတဲ့ အံဆွဲထဲက အိမ်တံခါးသော့နဲ့ ခြံတံခါးသော့ကို ယူလိုက်တယ်။ အိမ်တံခါးကို သော့ဖွင့်ပြီး ခြံထဲကိုပြေးထွက်လာလိုက်တယ်။ စက်ချုပ်တဲ့ကောင်လေးက ခပ်လှမ်းလှမ်းကိုရောက်နေပြီမို့ ခြံတံခါးကိုသော့ကိုအမြန်ဖွင့်ပြီး ကောင်လေးအနားကိုရောက်အောင် ပြေးသွားလိုက်တယ်။
"ဟိတ်"
"အမလေး အမေ့ရေ"
ခရာလမ်းလျှောက်နေတုန်းမှာ ရုတ်တရက်အနားကိုရောက်လာတဲ့လူကြောင့် လန့်သွားရပါတယ်။