Unicode
ကိုယ့်အတွက်ချစ်ခြင်းမေတ္တာဆိုတာ ပိတောက်ပန်းတွေပန်ဆင်ထားတဲ့ ထိုအမျိုးသမီးဆီကအစပြုခဲ့တယ်။ပိတောက်ပန်းတွေရယ်၊သင်္ကြန်သီချင်းချိုချိုတွေရယ်၊ထိုအမျိုးသမီးရယ်။
လူတစ်ဦးတစ်ယောက်ကိုမြင်မြင်ချင်းမေတ္တာသက်ဝင်မိဖို့ဆိုသည်မှာ ခက်သော်ငြား ထိုအမျိုးသမီးမှာ သူမအတွက်တစ်ခုတည်းသောခြွင်းချက်ကလေးရယ်သာ။
'ကလေးမ အအေးလေးသောက်ပါအုန်း'
ဟန်တို့သူငယ်ချင်းအုပ်စု ဘုန်းကြီးကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းလိုက်တက်ပြီးသည့်နောက် အပြန်တွင် နေ့လည်၁ချက်ထိုးနေပြီဖြစ်သည်။ရန်ကုန်မြို့ကဲ့သို့မြို့ကြီးပြကြီးများတွင် သင်္ကြန်ဟုဆိုသည်နှင့် အများအားဖြင့်ရေကစားမဏ္ဍပ်များ၊ရေပတ်ခြင်းဖြင့်သာ သင်္ကြန်ပွဲတော်ကိုဆင်နွဲကြသော်လည်း ဟန်တို့ တောင်ပေါ်မြို့ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းတွင်မူ လူအများစုမှာသင်္ကြန်လေးရက်တိုင်တိုင် ဘုန်းကြီးကျောင်းတက်ကာတရားနာ၍သီလစောင့်တည်လေ့ရှိကြသည်။
အသွားတွင်မည်မျှပင်ခြောက်သွေ့၍နေစေကာမူ အပြန်၌ကြွက်စုတ်သာသာဖြစ်ရသည်ပင်။
နန်းဟန်သာဆိုသော သူမမှာအသန့်ကြိုက်သည့်သူဖြစ်သည့်အလျောက် တော်ရုံအပြင်စာလည်းမစားတတ်ပေ။ထို့ကြောင့် သူမသူငယ်ချင်းများ အအေးအလှူပေးသည့်နေရာတွင် အအေးဝင်သောက်နေကြသည်ကိုပင် သူမလိုက်မသွားဘဲ မျက်စောင်းထိုး၌ဆိုင်ကယ်ကိုရပ်ကာစောင့်နေခြင်းဖြစ်သည်။'စားလည်းစားနိုင်ကြတဲ့ဟာတွေ တစ်လမ်းလုံးပေးသမျှကျွေးသမျှစားသောက်လာတာတောင် ဆန့်ကြသေးတယ်' ဟန် နှာမှုတ်ကာညည်းလိုက်မိသည်။
'ကလေးမ အအေးလေးသောက်ပါအုန်း'
ဟန် လမ်းတစ်လျှောက်ရိုက်လာသည့်ပုံများကိုကြည့်နေရင်းနှင့်မှ အနောက်သို့လှည့်ကြည့်လိုက်မိသည်။
အသားရောင်အင်္ကျီလက်ရှည်နှင့် ပါတိတ်အညိုတို့ကိုဝတ်ဆင်ထားသော သူမထက်အသက်ကြီးမည်ဟုထင်ရသည့်ထိုအမျိုးသမီးမှာ သူမကိုကြည့်၍ပြုံးပြကာ အအေးယူသောက်ရန်တိုက်တွန်းနေလေသည်။
YOU ARE READING
ရင်ဝှက်ပန်း
Short Storyတစ်စုံတစ်ယောက်အတွက် ရင်ဝှက်ပန်းလေးတွေအဖြစ် ရှိနေခဲ့တာမို့လို့