Unicode
"ကျွန်တော့်ကို green tea တစ်ခွက်ပဲပေးပါ"
ပေါ့ပေါ့ပါးပါးဖြစ်ဖို့အတွက် city mall မှ ကော်ဖီဆိုင်တွင်သာသူရိန်တို့ချိန်းထားကြသည်။ ချိန်းထားသည့်အချိန်ထက် ၁၀ မိနစ်စောရောက်နေသည်ကြောင့် green tea တစ်ခွက် နှင့် ရေ ၃ ခွက် မှာကာ သူရိန်ထိုင်စောင့်နေလိုက်သည်။ ခနအကြာ အမျိုးသားတစ်ယောက်၏ လက်ကိုတွဲကာ ၀င်လာသည့်မမကြောင့် ဘေးမှ အမျိုးသားကိုသူရိန်တစ်ချက်အကဲခတ်လိုက်၏ အရမ်းကြီးချောမောတဲ့အထဲမပါပေမယ့် သန့်ပြန့်သည့်ရုပ်ရည်သည်လူကြားထဲတော့ထင်ရှား၏ ဘောင်မပါသည့်လေးထောင့်မျက်မှန်အကြည်ကိုတပ်ထားပေမယ့် မျက်လုံးများသည် ကြင်နာတတ်သူတစ်ယောက်မှန်းတော့သိသာစေလောက်အောင်နူးညံ့နေ၏။ ရိုးရိုးရှင်းရှင်း ရှပ်အဖြူနှင့် စတိုင်ပန်အနက်သာ၀တ်ထားသည့်ထိုအမျိုးသားလက်တစ်ဖက်ကိုဆွဲကိုင်လာသည့် မမ က တစ်လောကလုံး ထိုယောကျာ်းတစ်ယောက်တည်းနဲ့စကားပြောနေသလိုအာရုံတို့နှစ်၀င်၏ အရောင်အသွေးတို့ကင်းသည့် မမ၏ စိတ်လိုလက်ရအပြုံးတို့ကိုမြင်သည့်အခါ သူရိန်ပါ အလိုလို လိုက်ပြုံးမိသည်အထိ မမ ကပျော်နေပုံပင်။
"မမ"
"အငယ်လေး......ရောက်နေတာကြာပြီလား"
လက်လှမ်းပြသည့်သူရိန့်ကိုမြင်သည်နှင့် သူရိန် ထိုင်နေသည့်၀ိုင်းနားရောက်လာသည့်မမဆီက အပြုံးချိုချိုကိုသူရိန်ပထမဆုံးမြင်လိုက်ရသည်။
"မကြာသေးပါဘူး"
"မောင်.....ဒါခေတ်ရဲ့ တစ်ဦးတည်းသောမောင်အငယ်လေးလေ။ ခေတ်အမြဲပြောပြနေတဲ့သူ"
"ဟုတ်ကဲ့....တွေ့ရတာ၀မ်းသာပါတယ်။ ကျွန်တော် ဟန်စစ် ပါ။ ညီလေးတို့ အကြောင်းကိုခေတ်က ခနခနပြောပြလို မမြင်ဖူးပေမယ့် ရင်းနှီးနေပါပြီ။ အပြင်မှာတွေ့ရတော့ထင်ထားတာထက်အများကြီးပိုချောတာပဲ"
"ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော်ဇေသူရိန်ပါ.....တွေ့ရတာ၀မ်းသာပါတယ် အစ်ကို"
ကမ်းပေးလာသည့်လက်ကို ရိုရိုသေသေပြန်ဆွဲနှုတ်ဆက် ကာ ထိုင်တော့ သူရိန်အရှေ့မှ menu ကို ကိုဟန်စစ်ရှေ့ ကမ်းပေးလိုက်သည်။ အစားအသောက်တချို့မှာပြီး အ-လာပ သ-လာပ ပြောကြသည့်အခါ ပကာသနမပါ ကြွား၀ါခြင်းမပါသည့် ထိုသူ၏ ဟန်ဆောင်မှုကင်းသည့်သည့်စိတ်ကို သူရိန်အတိုင်းသားမြင်လိုက်ရသည်ကြောင့် သူရိန်တို့စကား၀ိုင်းသည်လည်း တဖြည်းဖြည်းပေါ့ပါးလာ၏ အချိန်ခနကြာသည့်အခါ ကိုဟန်စစ် က toilet ခန ဟုပြောကာထထွက်သွားသည်ကြောင့် သူရိန်ပြုံးလိုက်မိသည်။ ဒီလူသည် အလိုက်လည်းသိတတ်ပုံပင်။ ဒီလိုအချိန်အခါမှ သူရိန်တွေ့ချင်သည်ဆိုသည့်အကြောင်းအရာကိုဆရာ၀န်တစ်ယောက်ဖြစ်သည့် ကိုဟန်စစ် ကမရိပ်မိပဲတော့မနေလောက်။ မိသားစုအခြေအနေ အလုပ်အကိုင်နှင့် အဓိကအားဖြင့်မမအပေါ်ထားသည့်သဘောထားတို့ကို တစ်ချက်တစ်ချက်ထည့်ပြောသွားသည်က သူ့ကိုအကဲခတ်နိုင်စေဖို့ သူရိန့်ကို လမ်းဖွင့်ပေးခြင်းပင်။ အခုလည်း သူရိန်သိချင်သည့်အကြောင်းအရာတို့ပြည့်စုံသွားသည့်အခါ toilet ခနနော် ဟုပြောကာထသွားခြင်းသည် မမနှင့်နှစ်ယောက်တည်းစကားပြောဖို့အချိန်ပေးသွားခြင်းပင်။