#Unicode
“အားရုံ”
“ဟင်”
“မင်းမှာ ထမင်းဗူးမပါဘူးလား”
“အာ သွားပါပြီ”
“ဘာလို့လဲ”
“အိမ်ကကားထဲမှာ ကျန်နေခဲ့တယ်”
“အင်း ရပါတယ် ကိစ္စမရှိဘူး။ ငါတို့နဲ့အတူတူစားပေါ့”
“မင်းမှာလည်း ထမင်းထုတ်မှမပါဘဲအားရာ”
“ပါပါတယ်ကွ။ မရာယူလာတယ်လေ”
“ဪ”
အားရုံနဲ့စကားပြောနေတုန်းမှာပဲ သျှားကခရာ့လက်ကိုတို့ပြီး မေးလာတယ်။
“သူကဘယ်သူလဲ”
“ထူးမြတ်တည်ကြည်တဲ့”
“ဘယ်ကလဲ”
“ငါတို့အိမ်ရှေ့ကို မနေ့ကမှပြောင်းလာတာ”
“ဪ”
မနေ့ကမှ ပြောင်းလာတယ်သာပြောတယ်။ အဲ့ဒီကောင်နဲ့ခရာက ငယ်ငယ်ကပေါင်းလာတဲ့ သျှားထက်တောင် ပိုပြီးရင်းနှီးနေသလိုပါပဲ။ ငယ်ပေါင်းကြီးဖော်တွေလိုပဲ။
“ဒီအခန်းက ထူးမြတ်တည်ကြည်ကို အတန်းမှုးက သူ့အခန်းကို ခဏလာခဲ့ပါတဲ့”
အခန်းရှေ့ကနေ ဆရာမမှာလိုက်တဲ့စကားကို ကောင်းလေးတစ်ယောက်က ပြောသွားခဲ့တယ်။ ဒီနေ့မှ ကျောင်းစတက်တာမို့ အတန်းမှုးအခန်းကိုမသိသေးတဲ့အားရုံကို ခရာပဲလိုက်ပို့ပေးလိုက်တယ်။
အတန်းမှူးက အားရုံကို ဘာ့ကြောင့်ခေါ်တာလဲလို့ တွေးကြည့်ခဲ့တဲ့အဖြေက အတန်းမှုးအခန်းကိုရောက်မှပဲ သိရပါတော့တယ်။
“ဆရာမ ဝင်ခွင့်ပြုပါ။ သားက ထူးမြတ်တည်ကြည်ပါ။ ဆရာမခေါ်တယ်ဆိုလို့ပါ”
“အေးအေးသား ဝင်ခဲ့နော်”
“ဟုတ်”
“သားအိမ်က ထမင်းထုပ်လာပို့ပေးထားလို့လေ။ အဲ့ဒါလာယူဖို့ခေါ်လိုက်တာ”
“ဪ ဟုတ်ကဲ့ဆရာမ”
ဆရာမအခန်းထဲက ထမင်းထုပ်ကိုယူပြီး ပြန်လာခဲ့လိုက်တယ်။ ဒီနေ့တော့ ထမင်းငတ်ပြီလို့ ထင်ရပေမဲ့ အိမ်ကကိုအေးမောင်က အလိုက်တသိပြန်လာပို့ပေးလို့ တော်ပါသေးတယ်။