နွေပိတောက်ဝါ
🎼ယိမ်းနွဲ့ကာတီးကွက်နဲ့အတူကစဥ်လက်ခုပ်သံစည်းချက်လိုက်မှာလား...ညီညီညာညာ ညှင်းသွဲ့သွဲ့..အတာရေသဘင်ပွဲရက်မှာ..ယှဥ်ပြိုင်ရင်းကကွက်မျိုးစုံနဲ့..🎼
အသံချဲ့စက်ဆီမှကြားနေရသည့်သီချင်းသံအားနားစွင့်ရင်း လမ်းထိပ်စာအုပ်ဆိုင်မှငှားလာသည့်စာအုပ်ကလေးအားပိုက်ကာ လမ်းလျှောက်နေမိသည်။မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ရောက်ပေပြီ။သင်္ကြန်မရောက်မှီတစ်ပတ်လောက်အလိုတည်းက ဖွင့်နေသည့်သီချင်းသံများကြောင့်အတော်လေး စိတ်ညစ်နေမိသည်။တစ်ခြားသူတွေက သင်္ကြန်ကိုနှစ်သက်ကြပေမဲ့ နုခင်ကတော့ တစ်ခြားစီပင်။သင်္ကြန်ကိုမနှစ်သက်သလို ပိတောက်တွေကိုလည်းမချစ်ပေ။ဒါကငယ်ငယ်လေးတည်းကပင်။ငယ်ငယ်တည်းက သူများတွေရေကစားကြပေမဲ့နုခင်ကတော့ အိမ်ထဲမှာပဲနေလေ့ရှိသည်။ရေလည်းမဆော့သလို နုခင်ကိုရေလာလောင်းလျှင်လည်းမကြိုက်၊စိတ်ဆိုးတတ်သည်။ဒါကြောင့် နုခင်ဆို ဘယ်သူမှရေမလောင်းကြ။ဟိုးကလေးဘဝကနေ အခု အသက်လေးဆယ့်သုံးနှစ်ရောက်သည့်တိုင်နုခင်က သင်္ကြန်ရေနဲ့မထိတွေ့ဖူးပေ။
"ဗွမ်း"
"အို...သွာပါပြီ ဘယ်လိုလူတွေကားမောင်းနေတာပါလိမ့်"
ကိုယ့်အတွေးဖြင့် ကိုယ်လျှောက်လာရင်းအနီးမှဖြတ်သွားသည့်ကားမှာရေဗွက်အားမရှောင်ပါဘဲ မောင်းလိုက်တာကြောင့် နုခင်ရဲ့အဝါရောင်လုံချည်လေးတွင် ရေစက်နှင့်ရွှံ့စက်တို့ရောယှက်သွားတော့သည်။မနေ့ညက သင်္ကြန်လက်ဆေးမိုးရွာထားတာကြောင့် ချိုင့်ခွက်ကလေးတွေထဲတွင်ရေတင်ကျန်နေလေသည်။ဒါကိုရှောင်မမောင်းဘဲ အသကုန်မောင်းသည့်သူကြောင့် ပေကျံကုန်ရပြီ။
"အဲ့တာကြောင့် သင်္ကြန်ကိုမရောက်ချင်တာ"
မဆိုင်သည့်သင်္ကြန်အားဆွဲထည့်ရင်းမှ ကားရှိရဲ့နဲ့လမ်းလျှောက်လာသည့်မိမိကိုယ်ကိုလည်းအပြစ်တင်မိသွားတော့သည်။
"ထဘီတွေလည်းပေလို့ပါလား ဘယ်လိုဖြစ်လာရတာလဲ"
"မပြောချင်တော့ပါဘူးမေမေရယ်..ကားကိုအသကုန်မောင်းတဲ့သူတွေပေါ့ ရေဗွက်တွေကိုမရှောင်ဘူး..တကယ်စိတ်ပျက်တယ်။အဲ့တာကြောင့် သင်္ကြန်ကိုမုန်းတာ"
ပြောပြီးအိမ်ပေါ်တက်သွားသည်သမီးဖြစ်သူအားကြည့်ရင်း ဒေါ်ငြိမ်းဝေတစ်ယောက်ပြုံးလိုက်မိသည်။ဘယ်လိုကြောင့်လည်းမသိ သမီးဟာငယ်ငယ်တည်းက သင်္ကြန်ကိုမုန်းလေသည်။သင်္ကြန်ဆိုတာ ဘယ်လောက်ချစ်စရာဓလေ့ရိုးရာတွေများကြောင်းရှင်းပြလည်း မုန်းမြဲပင်။
"မမကြီး..တူမကြီးကဘာဖြစ်သွားတာလဲ"
"ထုံးစံအတိုင်းပဲပေါ့..ဒေါ်ငြိမ်းနုခင်တို့ မဆီမဆိုင်သင်္ကြန်ကိုမုန်းနေပြန်ပြီလေ"
ရေချိုးကာအဝတ်အစားလဲပြီး သနပ်ခါးပါးကွက်လေးအားပါးပြင်ပေါ်တင်ကာ ပြတင်းပေါက်နားတွင်ထိုင်ပြီး စာဖတ်နေသည်မှာအတော်ကြာလေပြီ။တစ်ချက်တစ်ချက်တိုက်ခတ်လာတိုင်း ပါလာတတ်သည့် တစ်ဖက်ခြံထဲမှပိတောက်ရနံ့မှာ နုခင်နှာဖျားဆီတိုးဝင်နေတော့သည်။တစ်ခြားသူအတွက်မွှေးပျံ့ပေမဲ့နုခင်အတွက်တော့ မနှစ်သက်စရာပင်။လေမှာမရပ်ပါဘဲဝေ့ဝဲတိုက်ခတ်နေတာကြောင့်ပိတောက်ရနံ့မှာလှိုင်နေတော့သည်။ကြာလာတော့ခေါင်းမူးလာတာကြောင့်နေရာမှထကာ တံခါးအားပိတ်ဖို့ပြင်ရင်း တစ်ဖက်ခြံတွင်ထိုးရပ်လိုက်သည့်ကားအားကြည့်လိုက်မိသည်။
"ဒါညနေက ကားပဲ။တိုက်ဆိုင်တာကလည်းစိတ်ပျက်စရာ"
ကားပေါ်မှ ဆင်းလာသည့် မိန်းကလေးလေးငါးယောက်အားမြင်တော့ ခေါင်းတစ်ချက်ခါလိုက်မိသည်။တစ်ဖက်ခြံကလူမနေပေမဲ့ဒီလိုရက်တွေဆို မိသားစုတွေပြန်လာတတ်ကြသည်။ဒီနှစ်တော့ လူကြီးတွေမတွေ့ဘဲ ကလေးမတွေကိုသာမြင်ရလေသည်။
"ဘယ်လောက်တောင်နားညီးအုံးမလဲမသိဘူး..စိတ်ညစ်ပါတယ်"ဟုဆိုရင်းအောက်ရှိထမင်းဝိုင်းသို့ဆင်းလာလိုက်မိသည်။
"နုခင်ဘာဖြစ်ပြန်ပြီလဲ"
"ဟိုဘက်အိမ်မှာလေ ကောင်မလေးတွေရောက်နေတယ်"
"အဲ့တာဘာဖြစ်လို့လဲသမီးရဲ့ သူတို့ကပြန်လာနေကြပဲကို"
"အရင်နှစ်ကလူကြီးတွေပါတယ်လေ ဒီနှစ်က နုခင်တွေ့တာ လူငယ်တွေကြီးပဲဘယ်လောက်တောင်နားဆူလိုက်မလဲ"
"သြော်..သမီးရယ်သင်္ကြန်ဆိုတာတစ်နှစ်မှတစ်ခါလေကွယ် ပျော်ချင်ရှာမှာပေါ့"
"နုခင်တော့မပျော်ချင်ပါဘူး..အလကားသူများတွေရေစိုအောင်လိုက်ပက်ကြတာ"
ဆက်ပြောပြန်လျှင်လည်းမောရုံသာရှိသည်မလို့သမီးဖြစ်သူအားအရှုံးပေးကာ ထမင်းသာဆက်စားလိုက်မိတော့သည်။တစ်မိသားစုလုံးသင်္ကြန်ချစ်ပါလျှက်နဲ့သူကျမှဘာလို့မုန်းရပါလိမ့်ဆိုပြီးစဥ်းစားခဲ့ရတဲ့နှစ်တွေမှာလည်းမနည်းတော့ပေ။
----
"ကျစ်..ခုချိန်ထိမနားသေးဘူး တော်တော်လွန်လွန်းနေပြီ"
စာအုပ်အားကိုင်ထားရင်းမှခုတင်ပေါ်မှထကာ တစ်ဖက်ခြံဆီကြည့်လိုက်မိသည်။အိမ်ရှေ့တွင် sound boxဖွင့်ကာ ကနေသည့်တစ်သိုက်အား တွေ့လိုက်ရသည်။တစ်နေကုန် ရေကစားမဏ္ဍပ်တွေမှအသံချဲ့စက်အသံတွေကြောင့် နားညီးရလို့စိတ်တိုနေသည့်နုခင်မှာ အခုထိ မရပ်သေးသည့် ဘေးအိမ်မှ သီချင်းသံများကြောင့်ပိုရျ်ပင်ဒေါသထွက်မိတော့သည်။
"ဟဲ့..တူမကြီးဘယ်လဲ"
ပန်းနုရောင်အပျော့သားထဘီလေးအား လက်တစ်ဖြင့်အသာမရင်းအပြင်ထွက်ဖို့ပြင်နေသည့်တူမဖြစ်သူအားမြင်လိုက်တာကြောင့် ဒေါ်ခင်ဝေ ခေါ်လိုက်မိသည်။
"ကိုးနာရီကျော်နေပြီလေ ဘယ်လဲ နုခင်ရဲ့"
ထိုအခါမှ မတင်ထားသည့်ထဘီအားလွှတ်ချရင်း
"ဟိုဘက်အိမ်ကိုသွားမလို့ ကြီးခင်"
"ဘာသွားလုပ်မှာလဲ ညနက်နေပြီလေ"
"ညနက်နေတာတောင် ခုထိသီချင်းသံမရပ်လို့သွားပြောမလို့..ဘယ့်နှယ့်တစ်နေကုန်ဖွင့်နေတာအားမရလို့ညဘက်ထိပါမနားကြဘူး။ဘေးမှာအိမ်ရှိတာသတိမရကြဘူးထင်တယ်"
တားလျှင်လည်းမရတာသိသည်မလို့ဘာမှမပြောဘဲ ဧည့်ခန်းတွင်သာ ထိုင်ကျန်ရစ်မိတော့သည်။မမကြီးရှိလျှင်တော့ပြောလို့ရလောက်မည်။ခုတော့မမကြီးက တရားစခန်းရောက်နေတာကြောင့် တားမဲ့သူမရှိပေ။
"ဒီမှာ..ဒီမှာ"
ခေါ်သံကြောင့်လှည့်ကြည့်မိတော့ တစ်ဖက်ခြံမှအမျိုးသမီးပင်။ပြတင်းတံခါးနားတွင်ထိုင်ကာ စာထိုင်ဖတ်နေပုံအား အဝေးမှသာမြင်ဖူးခဲ့သည်။အခုလို နီးနီးကပ်ကပ်မြင်လိုက်ရတော့ ပိတောက်ရင်ထဲအရင်ကတည်းကရှိသည့်လှိုင်းငယ်ကလေးမှာပိုရျ် လှုပ်ခတ်သွားလေသည်။သနပ်ခါးပါးကွက်ကလေးကွက်ထားပြီး ပန်းနုရောင် ဝမ်းဆက်လေးဝတ်ထားပုံမှာယဥ်လှသည်။ဆိုးဆေးမပါဘဲရဲနေသည့်နှုတ်ခမ်းလေးကိုမီးရောင်အကူဖြင့်မြင်ရသည်။ခပ်တင်းတင်းစေ့ထားတာကြောင့် စိတ်တိုနေသည့်ပုံစံမှာထင်းနေတော့သည်။ဆံနွယ်တို့အား ညာဘက်ပုခုံးရှေ့တွင်ချထားပုံမှာ ဆွဲဆောင်မှုတစ်မျိုးလေးပင်။တံခါးဖွင့်ပေးလိုက်တော့ပိတောက်အားမကြည့်ပါဘဲ ဘေးရှိသူငယ်ချင်းအား ကြည့်ကာ စကားပြောနေတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။သူမပြောသည့်အကြောင်းအား နားစိုက်ထောင်တော့ သီချင်းပိတ်ပေးဖို့ပင်။
"မင်းတို့တစ်နေကုန်ဖွင့်နေတာ တို့ဘာမှမပြောခဲ့ဘူးနော်။ဒါကမင်းတို့လွတ်လပ်ခွင့်ပဲလေ။ဒါပေမဲ့အခုဟာက အရမ်းနောက်ကျနေပြီလေ။ဘေးမှာအိမ်တွေရှိနေတာကို ပိတ်ပေးသင့်ပြီလို့မထင်ဘူးလား"
လေသံအေးအေးလေးမှာနားထောင်ရျ်ကောင်းလွန်းလှသည်။တစ်ယောက်မှမူးမနေတာကြောင့် စကားအေးဆေးပြောတော့ ပြေပြေလည်လည်ပင်ပြီးဆုံးသွားသည်။မပြေလည်သည်က ပိတောက်ပင်။ကိုယ့်အားတစ်ချက်ကလေးမှမကြည့်တာကြောင့် စိတ်ထဲဘဝင်မကျတော့ချေ။
"သီချင်းပိတ်ပေးစေချင်ရင်တော့ အပေးအယူတစ်ခုလုပ်ရလိမ့်မယ်..အန်တီ"ဆိုတော့ ပိတောက်ဘက်သို့လှည့်လာသည့်မျက်ဝန်းလှလှလေးတွေ။ဒီမျက်ဝန်းတွေအောက်မှာ ပိတောက်ဒူးထောက်ခဲ့မိသည်ကိုမငြင်းချင်ပေ။
"ဘာများလဲ..."
"ဒီလိုလေ.."
လေအဝေ့မှာရလိုက်သည့်ပိတောက်နံ့နှင့်အတူ နုခင်တစ်ကိုယ်လုံးရေရွှဲသွားတော့သည်။ဘယ်လိုမှမထင်မှတ်ထားသည့်အရာမလို့ အံ့လည်းအံ့သြသွားသလို ဒေါသတို့မှာမထိန်းနိုင်ပဲ လက်ဖဝါးတစ်ဖက်မှာလေထဲမြောက်သွားပြီး အရှေ့ရှိ အပြာရောင်တီရှပ်လေးကို ဂျင်းဘောင်းဘီလေးဖြင့်တွဲဝတ်ထားသည့်ကလေးမရဲ့ပါးပြင်ပေါ်ကျရောက်သွားတော့သည်။
"ဖြောင်း..."
ဒေါသကြောင့်အားပါသွားကာ နှုတ်ခမ်းထောင့်စွန်းတွင် သွေးစတို့ပင်နေရာယူသွားလေသည်။မျက်ဝန်းတောက်တောက်ကလေးတွေဖြင့် မော့ကြည့်လာပြီး ပြုံးလိုက်တာကြောင့်လူမှာကြောင်သွားစဥ် ခါးအားဆွဲဖက်လိုက်တာကြောင့်ခန္ဓကိုယ်နှစ်ခုမှာပူးကပ်သွားတော့သည်။
ပါးပြင်ပေါ်ကျရောက်လာသည့်ခပ်နွေးနွေးနှုတ်ခမ်းတစ်စုံနှင့်လေနွေးနွေးလေးကြောင့် လူမှာ ပူထူကာ ရှက်ရွံ့သွားတော့သည်။ချက်ချင်းရုန်းထွက်ကာရိုက်ဖို့ပြင်လိုက်စဥ်
"ရိုက်လေအန်တီ..ဒီတစ်ခါဆိုရင်တော့ ပါးမဟုတ်တဲ့ အန်တီနှုတ်ခမ်းလေးပေါ့"
"မင်း..."
နှုတ်ခမ်းပေါ်တို့ထိလိုက်သည့်လက်ကြောင့်လူမှာ ရှက်စိတ်နှင့်ဒေါသစိတ်တို့ပေါင်းကာ မျက်နှာတစ်ခုလုံးရဲနေတော့သည်။ဆက်နေလျှင်မဖြစ်တော့ပြီမလို့ ချက်ချင်းလှည့်ထွက်ကာ အိမ်ဆီအပြေးပြန်မိသည်။
"ဟဲ့..အဆင်ပြေ..သြော်မေးတာတောင်မဖြေဘူး တန်းတက်သွားတယ်"အိမ်ပေါ်သို့တက်သွားသည့်တူမဖြစ်သူအား ကြည့်လိုက်ရင်းအခန်းထဲသို့ဝင်လိုက်မိသည်။
"ပိတောက်အဆင်ပြေရဲ့လား မပြောမဆိုနဲ့ဘာလို့ရေလောင်းရတာလဲ"
"ပြေပါတယ်ဟာ ဘာမှမဖြစ်ပါဘူး"
"အေးပါဟာ လက်သံကပြောင်ချက်ပဲငါတို့တောင်လန့်တယ်"
"နင်တို့နေချင်သေးရင်နေကြလေနော်..ငါသွားတော့မယ်"
"အင်းပါ ငါတို့လည်းသိမ်းပြီ"
အခန်းထဲရှိခုတင်ပေါ်တွင်လှဲချလိုက်ကာ ခုနကပုံရိပ်များအားပြန်လည်ပုံဖော်နေမိတော့သည်။ပါးပြင်အားတစ်ချက်စမ်းကြည့်ရင်း ပြုံးလိုက်မိသည်။
"ဝေးဝေးကနေအမြဲငေးခဲ့ရတဲ့အန်တီနဲ့ ပထမဆုံးအကြိမ်အတွေ့မှာ အန်တီလက်နဲ့ပထမဆုံးထိခွင့်ရခဲ့တဲ့ဒီပါးလေးကို ပိတောက် သိပ်မြတ်နိုးတာပဲ"
အံဆွဲထဲရှိပုံလေးတစ်ပုံအား ဆွဲယူလိုက်ရင်း note bookလေးပါထုတ်ကာ စာအနည်းငယ်ရေးလိုက်မိသည်။
---
"မင်္ဂလာပါရှင့်"
အသံကြားတာကြောင့်မော့ကြည့်မိတော့ ညတုန်းက ကလေးမပင်။ညကအဖြစ်အပျက်များအား ပြန်မြင်မိတော့ မျက်နှာတစ်ခုလုံးပူထူသွားကာ ဒေါသတို့မှာထွက်လာမိပြန်တော့သည်။ထိုင်ရာမှချက်ချင်းထရပ်လိုက်ရင်း
"မင်း..မင်း..ငါ့အိမ်ဘာလာလုပ်တာလဲ"
"လာနှုတ်ဆက်တာပါ..အိမ်နီးချင်းတွေဆိုတာ ရင်းရင်းနှီးနှီးနေရတယ်မလား"
"မင်းနဲ့ငါဘာမှရင်းနှီးစရာမရှိဘူး..ခုချက်ချင်းငါ့ရှေ့ကထွက်သွား"
"နေပါအုံး အန်တီရဲ့ ဟောဒီက ဒေဝီထိပ်ထားလေးရဲ့မျက်နှာတော်လှလှလေးကို မော့ဖူးပါရစေအုံး"
"မင်း..ထွက်သွားလို့ဆို"
အသံတို့မှာချက်ချင်းတုန်ယင်သွားတော့သည်။ဘယ်သူ့ကိုမှမကြောက်ခဲ့သည့်သူက ဒီကလေးမကိုမှကြောက်နေမိသတဲ့။ကိုယ့်ကိုယ်ကိုယ်သာဒေါသတို့ထွက်နေမိတော့သည်။ရှေ့ဆက်တိုးလာသည့်ခြေလှမ်းတို့ကြောင့် နုခင်မှာနောက်သို့ဆုတ်သွားမိတော့သည်။
"ကိုက်မစားပါဘူးအန်တီရဲ့..အဲ့လောက်ကြောက်မနေပါနဲ့"ဟုဆိုရင်း လက်အားဖြတ်ကနဲဆွဲလိုက်တာကြောင့်လူမှာ သူ့ရင်ခွင်ကျဥ်းလေးထဲကျသွားတော့သည်။တစ်ယောက်တည်းရှိနေသည်ဆိုသည့်အသိကလူအားပိုတိုးရျ်အားငယ်စေသည်။ကြီးခင်သာရှိလျှင်ဆိုသည့်အတွေးကိုသာတွေးနေမိတော့သည်။
ရင်ခွင်ထဲမှနေရျ်မော့ကြည့်လာသည့်မျက်ဝန်းတို့မှာ မျက်ရည်တို့ဝိုင်းနေလေသည်။တကယ်ကိုကြောက်ရွံ့နေသည်မလို့ စိတ်မကောင်းဖြစ်သွားရသည်။
"လွှတ်...လွှတ်ပေးပါ..တို့ကို"
"စကားအေးဆေးပြောရင်လွှတ်ပေးမယ်"
ခေါင်းအား လျှင်လျှင်မြန်မြန်ငြှိမ့်လိုက်တာကြောင့်ပြုံးလိုက်မိသည်။ဆုပ်ကိုင်ထားသည့်လက်အားလွှတ်ပေးလိုက်တော့ တစ်ဖက်ခုံတွင်ထိုင်ကာ ပိတောက်ကိုမကြည့်ပါဘဲ မျက်နှာလွှဲနေသည့်အမျိုးသမီး။အနွေးထည်အပါးလေးအားထပ်ဝတ်ထားသလို ခုနကအထိအတွေ့မှာ နွေးနေတာကြောင့် နေသိပ်မကောင်းမှန်းသတိပြုမိလိုက်သည်။
"ပိတောက်နာမည်က နွေပိတောက်ဝါ ပါ အန်တီရဲ့ဘေးအိမ်ကပေါ့"ဆိုတော့ သူမကသိတယ်ဆိုသည့်ပုံစံဖြင့်ခေါင်းငြှိမ့်ပြသည်။အတော်လေးနေရခက်နေသည့်သူမကြောင့် နှုတ်ဆက်ကာပြန်ဖို့ပြင်မိသည်။
"ဧည့်သည်ရောက်နေပါလား..နုခင်ကကွယ်အအေးလေးဘာလေးတောင်မချပေးဘူး"
အားကိုးရာဝင်လာတော့ မျက်ဝန်းတို့လက်ခနဲတောက်ပသွားသည့်အမျိုးသမီး။နေရာမှချက်ချင်းထကာ အပေါ်ထပ်သို့ပြေးတက်သွားပုံမှာသွက်လက်စွာပင်။
"သြော်..နုခင်တစ်ယောက်နှယ်ဧည့်သည်ကိုထားပြီးသွားပြန်ပြီ"
"ရပါတယ်အန်တီ ပိတောက်ပြန်တော့မှာပါ အန်တီကနေသိပ်မကောင်းလို့နေမှာပါ"
"အေးကွယ် သမီးအန်တီကအဲ့လိုပဲ သမီးကဟိုဘက်ခြံကထင်တယ်"
"ဟုတ်တယ်အန်တီ ပိတောက်ကဟိုဘက်ခြံကပါ ခုမှလာနှုတ်ဆက်ဖြစ်တယ် ပိတောက်သွားလိုက်ပါအုံးမယ်"
"အေးကွယ်..နောက်လည်းလာလည်နော်"
"ဟုတ်ကဲ့"
ခြံထဲမှမထွက်ခင်အမြဲငေးနေကျအခန်းလေးအားကြည့်မိတော့ ကလယ်ကာအကွယ်မှာထင်ဟပ်နေသည့်အရိပ်ကလေးကြောင့် ပိတောက်ပြုံးလိုက်မိသည်။
"ဒီမိန်းကလေးကလေ ဒေါ်ငြိမ်းနုခင်ဆိုတဲ့အန်တီကိုဝေးဝေးကနေငေးမောခဲ့တာ ဒီသင်္ကြန်မှာ ငါးနှစ်ပြည့်ခဲ့ပြီသိရဲ့လား။အန်တီစိတ်နဲ့ပိတောက်မယ် ရူးနေရပြီ"
Note Bookစာအုပ်ကလေးအားကြည့်ရင်း ပိတောက်အပြုံးတို့ဝေနေမိသည်။စာအုပ်ရှေ့မျက်နှာတွင်ကပ်ထားသည့်ပုံလေးပုံအား တို့ထိကြည့်ရင်းမှ ပုံအသစ်တစ်ပုံအားထပ်ကပ်လိုက်မိသည်။
----
"ဟိုရှေ့က ခင့် ကိုပိတောက်က ပန်းပေးချင်လို့ရှင့်"
စာအုပ်ဆိုင်အသွားတည်းက ပိတောက်ပန်းစည်းအားကိုင်ကာလိုက်နေသည့်ကလေးမ။အပြန်လမ်းထိတိုင် လိုက်နေဆဲပင်။လမ်းပေါ်မှာ လူရှင်းနေလို့တော်သေးရဲ့။မဟုတ်ရင်နုခင်အတွက်ရှက်စရာပင်။
"ဗျို့ ခင်ရေ ဒီကပန်းပေးချင်လို့ပါဆို"
"ဒီမှာ..မင်းလွန်နေပြီနော်"
"ပန်းလေးပေးတာလွန်တယ်လို့ထင်တယ်ပေါ့ ခက်လိုက်တာ ခင်ရယ်"
"ဒီမှာ တို့ကမင်းထက်အသက်ကြီးတယ် ဘာခင်လဲ"
"ဟောဒီက အန်တီရှင့် ပိတောက်က ပန်းလေးပေးမလို့ပါ"
တော်တော်မျက်နှာပြောင်တိုက်သည့်ကလေးမပင်။အိမ်ဆိုလည်းသူ့အိမ်လို့များမှတ်နေသလားမသိ ဝင်လိုက်ထွက်လိုက်ဖြင့်။စကားပြောလိုက်ရင်လည်းအမြဲအသာစီးက။ဘယ်လိုကိုမုန်းချင်စရာကောင်းမှန်းမသိပေ။
"တို့ ပိတောက်ပန်း မကြိုက်ဘူး"
"ဒါဆို လူပိတောက်ကိုတော့ ကြိုက်တယ်မလား"
"ဘာပြောတယ်.."
"ပန်းပိတောက်ကိုမကြိုက်တော့ ဟောဒီက လူပိတောက်ကို ကြိုက်တယ်မလားလို့"
"သေလိုက်လေ..ကြိုက်စရာလား။လူရောပန်းရောမကြိုက်ဘူး"
တကယ်ပြောရခက်သည့်ကလေးမပင်။လူကိုစနောက်စရာများမှတ်နေသလားမသိ။အဲ့ညကသာမသွားခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်။ကိုယ့်ခြေထောက်ကိုသာ ရိုက်ချိုးပစ်ချင်သည်။
"ဒီမှာ..မင်းဘာလိုက်လုပ်တာလဲ"
"အိမ်လည်လိုက်တာလေ"
"ဒါတို့အိမ်နော်..ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရအောင် မင်းအိမ်မဟုတ်ဘူး"
"နောက်ကျပိတောက်အိမ်ဖြစ်မှာပဲကို"
"ဘာပြောတယ်"
"အန်တီနဲ့ပိတောက်လက်ထပ်ပြီးရင် ဒီအိမ်ကပိတောက်အိမ်ဖြစ်မှာပဲလို့"
"ဒီမှာ..."
"ရှင်..ရှင့်"
"နွေပိတောက်ဝါ မင်းတို့ကိုစနောက်စရာများမှတ်နေသလား"
"ဘယ်သူကစနောက်စရာလို့တွေးလို့လဲ ဟောဒီက နွေပိတောက်ဝါက ဒေါ်ငြိမ်းနုခင်ဆိုတဲ့အမျိုးသမီးကို ရင်ထဲအသည်းထဲကနေ ချစ်ခင်မြတ်နိုးတာပါနော်"
"မင်း..."
လျှာရှည်ပြီးပြောမိတာ ကိုယ့်အိမ်ထဲမှာ ရည်းစားစကားပြောခံရသည့်အဖြစ်ရောက်သွားလေသည်။ဆက်ပြောလျှင်လည်းကိုယ်ပဲသူ့ရဲ့ပိုင်စိုးပိုင်နင်းစကားလုံးတွေအောက် ရှုံးရမည်မလို့ အိမ်ထဲသာ ခပ်သွက်သွက်လျှောက်မိသည်။
"ဟဲ့..နုခင်..သြော် ပိတောက်ပါ ပါလာတာကို"
"ဟုတ်ကဲ့..ကြီးကြီးနေကောင်းတယ်နော်"
"ကောင်းပါ့ရှင်..နုခင်တစ်ယောက်နှယ်ဧည့်သည်ကိုထားပြီးသွားပြန်ပြီ"
"ပိတောက်ကဒီတိုင်းဝင်လာတာပါ သွားလိုက်ပါအုံးမယ်"
"ဟေ ထိုင်တောင်မထိုင်ဘူးလား အေးကွယ်သွားသွား"
"ဟေ့ မိပိတောက်တို့ ဟိုဘက်အိမ်ကိုချောင်းပါမက မြစ်ပါပေါက်နေပြီ"
"ဟုတ်ပ ဟုတ်ပ ပိတောက်မ"
"နင်တို့ကလည်း.."
"ဘာနင်တို့ကလည်းမဟုတ်လို့လားလေ..တစ်နေ့တစ်နေ့မိုးလင်းတာနဲ့သွားပြီ။မိုးချုပ်ရင်လည်းသွား၊နေ့လည်ဆိုလည်းသွားနဲ့ မြစ်ပေါက်နေတာကို"
"ဒါကတော့ အချစ်ရှိရာနယ်မြေဖြစ်နေတာကို ဘယ်တတ်နိုင်ပါ့မလဲ"
"ဟဲ့ ပိတောက် နင့်လေဒီကြီးက လုံးဝအဖြောင့်ကြီးနော်..ငါတော့ရင်လေးတယ်"
"ချစ်ခြင်းမေတ္တာမှန်ရင်ရောင်ပြန်ပါတယ်ဟယ် ငါသူ့ကိုချစ်လာတာ ငါးနှစ်တောင်ရှိပြီပဲ မနက်ဖြန်တော့ ဖွင့်ပြောပစ်မယ်"
"အေးအေး အောင်မြင်စေကွယ်"
စနောက်နေသည့်သူငယ်ချင်းများအား ပိတောက် မျက်စောင်းတို့ခဲမိသည်။မနက်ဖြန်ဆို သင်္ကြန်အတတ်နေ့ရောက်ပေပြီ။အန်တီကိုမနက်ဖြန်ဖွင့်ပြောမည်။
----
"အန်တီ.."
ကြားရပါပြီဒီအသံ။တစ်အိမ်လုံးတိတ်နေတာကြောင့် မရှိဘူးထင်ကာ စာအုပ်ဆိုင်ဆီထွက်ခါမှ အိမ်ရှေ့ဝယ်ရောက်နေသည့်ကလေးမ။
"ဘယ်လိုက်မလို့လဲ"
"အန်တီနောက်လိုက်မလို့ပေါ့ စိတ်မချလို့လေ"
"ဒီမယ် စိတ်မချရအောင်တို့က ကလေးမဟုတ်ဘူး နွေပိတောက်ဝါ ဒီလမ်းဒီခရီးက တို့သွားနေကျပဲ"
"ကလေးမဟုတ်လို့ပေါ့ ကလေးသာဆို ဟောဒီလို ကောက်ချီသွားမှာ"
ပြောပြောဆိုဆိုဖြင့် နုခင်ကိုယ်လေးအားကောက်ပွေ့လိုက်သည့်ကလေးမ။
"မင်း..ဘာ..ဘာလုပ်တာလဲ..ချပေး..တို့ကိုအောက်ချပေး"
"မချပေးပါဘူး...ချပေးလိုက်ရင်အန်တီကသွားမှာပေါ့ ဒါဆို ပိတောက်စကားပြောလို့မရတော့ဘူး"
"နွေပိတောက်ဝါ..ချပေးလို့ဆို"
"ဒါဆိုပိတောက်ပြောတာနားထောင်မလား"
"နွေပိတောက်ဝါ"
"နားထောင်မလားလို့.."
"နားထောင်မယ်..ချပေး"
လိုချင်သည့်အဖြေအားရတော့ ကလေးတစ်ယောက်ပမာပြုံးရွှင်ကာနုခင်အား ချပေးလိုက်သည့်ကလေးမ။မျက်စောင်းတစ်ချက်ခဲရင်း နှုတ်ခမ်းကိုသာခပ်တင်းတင်းကိုက်ထားလိုက်မိသည်။အဝါရောင်လွင်လွင်ဝမ်းဆက်ကလေးအားဝတ်ထားသည့်သူမမှာ နုခင်နဲ့ယှဥ်လျှင်တော့ကလေးတစ်ယောက်ပေါ့။လက်ထဲမှာလည်း ပိတောက်ပန်းခက်အားကိုင်ထားသေးတာကြောင့် သူမလေးတစ်ကိုယ်လုံးအဝါရောင်လွှမ်းနေတော့သည်။
"ပြောစရာရှိတာမြန်မြန်ပြော..တို့စာအုပ်ဆိုင်သွားရအုံးမှာ"
"ပြောမှာပေါ့...လောလိုက်တာရှင်"
"နွေပိတောက်ဝါ!!!"
"ရှင်..ရှင်လို့ဆို..မမောဘူးလားနာမည်အပြည့်ခေါ်ရတာ"
"မမောဘူး..ပြောစရာရှိတာပြော..မပြောရင်တို့သွားတော့မယ်"
ပြောကာထွက်သွားဖို့ပြင်တော့လက်အားလှမ်းဆွဲလိုက်သည့်ကလေးမ။မျက်မှောင်တစ်ချက်ကျုံ့ကာကြည့်မိတော့ ဘာမှမဖြစ်သလိုရယ်ကျဲကျဲဖြင့်သာ။
"ပိတောက်အန်တီကိုချစ်တယ်"
"တို့ကိုစနောက်စရာများမှတ်နေသလား..လက်ကိုလွှတ်စမ်းပါ"
"ဘာလို့နောက်တယ်လို့ထင်ရတာလဲအန်တီရဲ့။ပိတောက်ရဲ့အချစ်တွေကိုမမြင်နိုင်ဘူးလား။ဘာလို့လဲ..ဘာလို့လဲ ပိတောက်ကမိန်းကလေးဖြစ်နေလို့လား..ဟင်ပြောပါအုံး"
"နွေပိတောက်ဝါ..မင်းမရူးစမ်းပါနဲ့တို့ကမင်းအမေရွယ်လောက်ရှိတာ..ဖယ်စမ်းပါ"
"အချစ်မှာကန့်သတ်ချက်တွေရှိလို့လားအန်တီ..လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်ခွင့်ရှိတာပဲ။ဘာလို့များကန့်သတ်ချင်ရတာလဲ"
"တော်ပါတော့ နွေပိတောက်ဝါ..တို့ကိုထပ်ပြီးမနှောင့်ယှက်ပါတော့နဲ့"
ကိုင်ဆွဲထားသည့်လက်အားဖြုတ်ချကာ တစ်ဖက်လမ်းအားကူးဖို့ပြင်နေသည့်အမျိုးသမီး။
"မနှောင့်ယှက်ပါတော့နဲ့"တဲ့လား။ငါးနှစ်လုံးလုံးအဝေးကနေမြင်ရတဲ့ပုံရိပ်ကလေးကိုငေးမောရင်းချစ်လာခဲ့ရတဲ့သူကို နှောင့်ယှက်တယ်လို့ထင်သတဲ့လားအန်တီရယ်။ပိတောက်က အန်တီကိုအဝေးကနေပဲအမြဲငေးမောနေခဲ့တာ။ပိတောက်အချစ်တွေကိုဘာလို့မမြင်ရသလဲ။