Chapter-35

149 14 2
                                    

Zawgyi***

လေသာဆောင်ထဲ၌ ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားတပြောပြောရှိနေကြသည့် ဆည်းနှင့် ဖေဖေကိုကြည့်ရင်း လွှမ်းကြည်နူးရိပ်တို့ဖြင့် ပြုံးလိုက်မိသည်။ ထို့နောက် မေမေပေးလိုက်သည့် လက်ဖက်ရည်ကြမ်းအိုးနှင့် လက်ဖက်သုပ်တို့တင်ထားသည့် ယွန်းလင်ဗန်းလေးကို သေချာစွာ ထိန်းကိုင်ရင်း လေသာဆောင်ထဲသို့ ဝင်လာခဲ့သည်။

ယွန်းလင်ဗန်းလေးအား စားပွဲထက်၌ အသာချလိုက်ပြီးနောက် ကြွေရည်သုတ်ထားသည့် အကြမ်းပန်းကန်သုံးလုံးထဲသို့ လက်ဖက်ရည်ကြမ်းကို အသာငှဲ့ထည့်လိုက်ရင်း လွှမ်းက အရယ်တစ်ဝက်ဖြင့် မေးလိုက်၏။

" အဟွန်း... စကားတွေကောင်းနေကြပါလား.. ဒီမှာ မေမေက စကားပြောရင်း စားဖို့တဲ့ "

" မင်းမေမေရော "

ဦးစဝ်မင်းသော်က လွှမ်း ကမ်းပေးလိုက်သည့် လက်ဖက်ရည်ခွက်ကို လှမ်းယူရင်း မေးလိုက်၏။

" မီးဖိုခန်းထဲမှာ ကြီးနန်းနဲ့ ဟင်းချက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြလေရဲ့... ဖိုးကောက်နဲ့ ခေါင်လေးကတော့ တီဗီဂိမ်းကစားနေတယ်... ဒါနဲ့ ဖေဖေတို့က ဘာတွေပြောနေကြတာလဲ "

" ဒီလိုကွာ... စကားဆက်မိတော့မှ ဆည်းက Italy channel တစ်ခုကလွှင့်တဲ့ discovery အစီအစဉ်ကို ရိုက်တဲ့သူမှန်းသိရတော့တယ်... ဖေဖေက အဲ့အစီအစဉ်ကို တအားကြိုက်တာ... အဲ့တာကြောင့် ကြုံတုန်းကြိုက်တုန်း ဆည်းကို wildlife photographer ဘဝရဲ့ အတွေ့အကြုံတွေမေးကြည့်နေတာ... ကဲ... သားဆည်းရေ စောစောကဟာဆက်ပြောပါဦး... ခြင်္သေ့က မြင်သွားတော့ ဘာဆက်ဖြစ်သွားတာလဲ "

ဦးစဝ်မင်းသော်က လွှမ်းအား ပြန်ဖြေပေးလိုက်ပြီးနောက် အကြမ်းပန်းကန်ကို လှမ်းယူလျက် ဆည်းကိုလည်း ဆက်ပြောရန်အတွက် တိုက်တွန်းလိုက်၏။

" ကျွန်တော်တို့လည်း မြင်သွားရော နောက်ကနေတစ်ဟုန်ထိုးလိုက်တော့တာပဲ... ရုတ်တရက်ဆိုတော့ ဘာမှစဉ်းစားချိန်မရဘဲ ကျွန်တော်တို့မှာ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးရတာ... ကံဆိုးချက်ကတော့ Marco နဲ့ ကျွန်တော် လူခွဲပီးပြေးတာတောင် ခြင်္သေ့က ကျွန်တော့်နောက်ကိုပဲလိုက်လာတာ.. ဒီကြားထဲ ကျွန်တော်က ချော်လဲပြီး တော်တော်နဲ့မထနိုင်တော့ သူက တဖြည်းဖြည်း ကျွန်တော့်နားကပ်လာတာပဲ... စိတ်ထဲမှာလည်း ခြင်္သေ့စာဖြစ်ပြီလို့ကို တွေးလိုက်မိတာ... တော်သေးတယ် Marco က သေနတ်ကို မိုးပေါ်ထောင်ပြီးပစ်လိုက်လို့ ခြင်္သေ့ကလန့်ပြီး ထွက်ပြေးသွားလို့ပေါ့.. "

Twilight ( Zaw+ Uni )Where stories live. Discover now