အပိုင်း - ၂၈ { ဓားပြချေမှုန်းရေး စတင်ပြီ }
{ ကူပိုးကောင်တွေက အ..အ...အရမ်းကြောက်ဖို့ ကောင်းတယ်}
ရွှေမြို့တော်မှ ပို့လာသော အမြောက်များမှာ ကုန်သိုလှောင်ရာနေရာသို့ ရောက်လာပြီဖြစ်ကာ ရုံးဝန်ထမ်းများနှင့် ထန်ယွင်ခံတပ်သားများကလည်း နေရာတကျ ချမှတ်ပြင်ဆင်ထားကြပြီးပြီဖြစ်သည်။ ဓားပြချေမှုန်းရေးလုပ်ငန်းမှာ နောက်ဆုံးတော့ တကယ်စတင်လာပေပြီ။
"ခေါင်းဆောင်ကျောက် ၊ ဘယ်အချိန်လောက် တောင်အောက်ဆင်းလာမယ်လို့ စီစဥ်ထားလဲ"
ဝမ်းလျိုနျဲန် မေးလာသည်။ ကျောက်ယွဲ့နှင့် လုကျွေးတို့က အချင်းချင်းကြည့်လိုက်ကြပြီးနောက် ကျောက်ယွဲ့ကပင် ပြန်ဖြေလာ၏။
"နောက်လနှစ်ရက်နေ့ ဆိုရင်ကော"
ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်သည်။
"ဒါဆို နောက်လာမယ့် သုံးရက်ပေါ့လေ။ ဟုတ်ပြီ၊ အချိန်ကိုက်ပဲ"
လုကျွေးမှ မေးလာ၏။
"ကျွန်တော်တို့ ကျောက်မုကမ်းပါးက ဘာမှဝင်ကူညီစရာမလိုဘူးဆိုတာ အမတ်မင်းသေချာပြီလားခင်ဗျာ။ အားလုံးက ဓားပြချေမှုန်းဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကကျ ထန်ယွင်ခံတပ်မှာပဲ ဘာမှမလုပ်ဘဲ နေနေရတယ်"
"အစတုန်းကတော့ ဒုခေါင်းဆောင်တို့ကိုလည်း ဒီအစီအစဥ်ထဲပါပါတယ်။ ဒါပေမယ့် မုစံအိမ်ဘက်က အကူအညီပေးဖို့ ကမ်းလှမ်းလာတယ်ဆိုတော့ အစိုးရဘက်ကလည်း ငြင်းပယ်စရာအကြောင်း မရှိဘူးလေ။ ပြီးတော့ ဒုခေါင်းဆောင်က ဆန်းမန်တောင်တန်းမြေပုံ ဆွဲပေးထားတာပါ၊ ဘာမှမလုပ်ရသေးတာတော့ မဟုတ်ပါဘူး"
"မုဝန်လေနဲ့ သူ့အဖွဲ့သားတွေက ဒုခေါင်းဆောင်ကို သိကြသလား"
ဘေးနားရှိ ဟွားထန်မှ မေးလာသည်။
"သိမနေသင့်ဘူး။ ကျွန်တော့်နာမည်ကို ကြားဖူးထားတယ်ဆိုရင်တောင် ကျွန်တော် ဒီမှာရှိနေမှန်း မသိလောက်ကြဘူး"
ကျောက်ယွဲ့က လုကျွေး၏ ပခုံးအား ပုတ်လာ၏။
"ဘာပဲဖြစ်ဖြစ်၊ မင်းမျက်နှာ ထွက်မပြရင်တော့ အကောင်းဆုံးပဲ။ မုဝန်လေက ခိုးကြောင်ခိုးဝှက်နဲ့ ပရိယာယ်တော်တော်များတယ်၊ ပြီးတော့ မင်းက ကျန်းဟူလောကမှာ ရန်ကြွေးတွေ ပေါတယ်။ ဒီယင်ကောင်တွေ မင်းပေါ် လာနားမယ်ဆို တန်တော့မတန်သေးဘူး"