.unicode.BAEKHYUN - Take You Home.
-
-
အစ်ကို့ကိုကျွန်တော်စတွေ့တုန်းက ကျွန်တော်ကအထက်တန်းကျောင်းသား။
ရပ်ကွက်ရဲ့လူသွားလူလာများတဲ့လမ်းမပေါ်ဖွင့်ထားတဲ့ ကြက်ကြော်ဆိုင်မှာအချိန်ပိုင်းလုပ်ခဲ့တဲ့ကာလတစ်ခုက။
မှတ်မှတ်ရရ အဲ့ဒီနှစ်ဆောင်းတွင်းရဲ့ အပူချိန်ကသိသိသာသာကိုနိမ့်ဆင်းခဲ့တာ။ ညရှစ်နာရီလောက်ဆိုရင် လက်ချောင်းခြေချောင်းတွေကို အဝတ်ထူထူတွေနဲ့ထုတ်ပိုးမထားမချင်း အေးစက်တောင့်တင်းနေနိုင်တဲ့အထိ။
အချိန်ပိုင်းအလုပ်က ပုံမှန်ဆိုခြောက်နာရီခွဲမှာပြီးလေ့ရှိပေမယ့်။ အဲ့ဒီနေ့က ဆိုင်ရှင်ကအရေးတကြီးအကူအညီတောင်းခဲ့တာမို့ ကျွန်တော် ဆိုင်ပိတ်ဖို့စောင့်ကျန်ရစ်ခဲ့ရတယ်။
ဆင်ခြေလျှောလမ်းမအနားမှာရှိတာမို့ ဆိုင်ရှေ့ကနေ အရှိန်နဲ့ဖြတ်သွားတဲ့ စက်ဘီးတွေရော နှင်းမှုန်တွေကိုပါ မှန်တံခါးကနေမြင်ရတယ်။ အပြာရောင်စာလုံးကြီးကြီးနဲ့ရေးထားတဲ့ဆိုင်နာမည်ကြားက မြင်နေရတဲ့လမ်းမကလည်း လူရှင်းသင့်သလောက်ရှင်းနေပြီ။အနီရောင်ကော်ခုံတွေကိုစုပြီးထပ်ရင်း ကြော်ငြာစာရွက်တွေအပြည့်ကပ်ထားတဲ့အုတ်နံရံဝါဝါအနားကပ်လိုက်တယ်။ ပြီးတဲ့နောက် ဆိုင်ရှင်ပေးခဲ့တဲ့ အချိုရည်တံဆိပ်နဲ့ချိတ်ထားတဲ့သော့တွဲကိုအိပ်ကပ်ကနေထုတ်လိုက်တယ်။
ကျွန်တော်အပြင်ထွက်ပြီးဆိုင်တံခါးသော့ခတ်တဲ့အချိန်က ခုနစ်နာရီခွဲလောက်ရှိပြီလို့ထင်တယ်။ ကျွန်တော့ရဲ့နှင်းကာအင်္ကျီက လေးလက်မလောက်ထူနေတာတောင် ခန္ဓာကိုယ်တစ်ခုလုံးအေးစိမ့်နေရတယ်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုရမလား။ ကျွန်တော်စက်ဘီးသော့ဖြုတ်ဖို့ငုံ့ကြည့်လိုက်မှပဲ ပြားကပ်နေတဲ့နောက်ဘီးကိုမြင်လိုက်ရတယ်။ ဒီတိုင်းလေလျော့နေတာတင်မဟုတ်ဘဲ ပေါက်သွားတာဖြစ်ဖို့များနေတာမို့ ကျွန်တော့်တစ်ကိုယ်လုံးရေခဲရိုက်ခံထားရသလို အေးစိမ့်နေရင်းကမှ ခပ်တိုးတိုးကျိန်ဆဲမိသေးတယ်။