Chapter 9 | ကိုယ်ဆီအတွေးတို့ဖြင့် ဘာသာနာကျင်မိခြင်း ၁

765 34 10
                                    

Unicode

Chapter 9 | ကိုယ်ဆီအတွေးတို့ဖြင့် ဘာသာနာကျင်မိခြင်း ၁

'ချောက်' ဟူသော အသံနောက် ကျွီခနဲ ပွင့်ဟသွားသောတံခါးလေးကို ဖြတ်ကျော်၍ လူမရှိသည့် အိမ်လို မှောက်မိုက်နေသော အခန်းလေးထဲကို လွိုင်အံ့မင်းဝင်လာလိုက်သည်။ ဆိုဖာအောက်ခြေမှ လှုပ်လှုပ်ရှားရှားဖြစ်လာသည့် အရိပ်သေးသေးလေးကြောင့်သာ ထိုနေရာတွင် ကျုံ့ကျုံ့လေးထိုင်သော လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို သတိထားမိမှာ မလွဲမသွေ။

" အံ့... အံ့မင်းး.. ပြန်ရောက်ပြီလား....."

ခြောက်ကပ်နေသော အသံဖြင့် တစ်ညလုံးအိမ်ပြန်မလာသည့် ချစ်ရသူကို ကြိုမိသည်။ လွိုင်အံ့မင်းက တံခါးကို ပြန်ပိတ်လိုက်ပြီး အမှောင်ထဲမှ နိုးကို လှမ်းကြည့်သည်။ ခြောက်သွေ့နီရဲနေသော သူ့မျက်ဝန်းအိမ်တို့သည် သလင်းကျောက်လို ကြည်လင်နေသော မျက်ဝန်းနက်တို့ရဲ့ တောက်ပပြောင်လက်မှုကိုတော့ ဟန့်တားနိုင်စွမ်း အလျှင်းမရှိ။

" အံ့မင်း...ငါမင်းကို စောင့်နေတာ....."

အပြုံးယဲ့ယဲ့လေးဖြင့် သူ့အနားသို့ ခပ်ဖြေးဖြေးလျှောက်သွားလိုက်သည်။ လှမ်းနေသော ခြေလှမ်းစိပ်များမှာ သွေးနီနီများဖြင့် ဖုံးလွှမ်းနေသော လွိုင့်ရဲ့ မျက်နှာချောချောလေးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လေထုထဲ၌ပင် တုန်လှုပ်စွာ ရပ်ဆိုင်းသွား၏။

".....ဒဏ်ရာရလာတာလား...."

​​ခြောက်သွေ့သွေ့သွေးစတို့၏ ဝန်းရံခြင်းကို ခံထားရသည့် ဒဏ်ရာရဲ့ အခြေအနေကို ကြည့်ရန် လက်လှမ်းလိုက်ပါသော်လည်း သူက ရည်ရွယ်ချက်ရှိရှိဖြင့် ရှောင်ဖယ်သွားသည့်အခါ။ နိုး မှင်တက်ကြောင်အသွားမိသည်။ ဘာလို့လဲ ဆိုသည့်မေးခွန်းလေးမှာ နိုးအတွေးတွေအကြား စတင် ထိုးဖောက်ဝင်နှောက်လာသည်။

".....လာ...ငါဆေးထည့်ပေးမယ်"

သူ့လက်ကို ဆွဲ၍ ဆိုဖာဆီသွားမယ်အပြု ပုတ်ချခြင်းခံလိုက်ရတဲ့ လက်တစ်စုံ။ ခါရမ်းသွားသည့် လက်ဖျားလေးမှာ အနည်းငယ်တုန်ရီသွားဟန်။

" ကျေနပ်ရဲ့လား "

တစ်ချိန်လုံး ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးလေးပွင့်ဟလာပြီး ပထမဆုံးပြောကြားလာသော စကားမှာ ရေခဲရိုက်ထားသလို အေးစက်တောင့်တင်းနေပြီး ကျောက်ဆိုင်တစ်ခုလို မာကြော​ခက်ထန်နေသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now