Chapter 33 | အမှတ်ရပေးပါ

703 35 9
                                    

■■■■■■■■■■■■■■

Unicode

Chapter 33 | အမှတ်ရပေးပါ

တိမ်တွေ ကင်းစင်လျက် နက်ပြာရောင်သန်းနေသော ကောင်းကင်ကြီးကို နိုးမော့ကြည့်နေမိသည်။ သာယာလှသော ကောင်းကင်ကြီးမှာ ဒီနေ့ ရာသီဥတုကောင်းမည်ဖြစ်ကြောင်း သတင်းလှမ်းပေးနေပုံရ၏။ တစ်ချို့ကပြောသည်။ ကောင်းကင်ကြီးပြာတာက ပင်လယ်ပြာကြီးကြောင့်တဲ့။ တစ်ချို့ကတော့ ကောင်းကင်က အပြာမို့ ပင်လယ်က ရောင်ပြန်ဟပ်နေတာတဲ့။ အရာရာကို သူ့ကြောင့်လို့ သတ်မှတ်ထားတဲ့ နိုးကတော့ ကောင်းကင်ပြာတာလည်း သူ့ကြောင့်၊ ပင်လယ်ပြာတာလဲ သူ့ကြောင့်လို့ ရူးရူးမိုက်မိုက်တွေးချင်မိပါသည်။

တိုက်ခတ်လာတဲ့ လေပြည်လေးကြောင့် ပုံပျက်သွားသည့် မိမိဆံပင်ကို နိုးသပ်လိုက်မိသည်။ နိုးဆေးရုံရောက်ခထဲက မညှပ်ခဲ့သည့် သည်ဆံဖြူဖြူတွေမှာ လည်ကုတ်ကျော်နေပြီဖြစ်သည်။ အအေးဓာတ်က နိုးဝတ်ထားသည့် လူနာဝတ်စုံ ခပ်ပါးပါးအကြားမှ တိုးဝင်လာသည်။ မိုးမခပင်ကြီးမှာလည်း မသိမသာလေး ယိမ်းနွဲ့သွားပါသည်။ အခက်အလက်တွေပေါ်မှာ တဆာဆာဖြင့် ဆော့ကစားနေကြသော စာကလေး ငှက်မောင်နှံမှာ လှုပ်ရှားသွားသည့် သစ်ကိုင်းကြောင့် ထပျံသွားပြီး အရင်ကထက် ပိုကြီးသည့် ပိုခိုင်သည့် သစ်ကိုင်းဆီကို ကူးသွားပါသည်။

ဪ... ငှက်လေးတွေတောင် သူ့ကို လုံခြုံတယ်လို့ ခံစားစေတဲ့ နေရာကို ရွေးချယ်ပါလားနော်....။

နိုး မိုးမခပင်ကြီးရဲ့ အရိပ်အောက်ဝယ် ထိုင်လျက် ခပ်တွေတွေလေးတွေးမိသည်။

နိုး ဒီဆေးရုံမှာ နေတာ ကြာလာတော့ တစ်ချက်တစ်ချက် ထဖောက်တတ်သည့် လူနာတွေက လွဲလို့ အရာအားလုံးက အေးဆေးသာယာလှသည်ကို သတိထားမိသည်။ သို့အပြင် ဒီကသူတွေက စည်းလုံးကြသည်။ နေအရမ်းမကောင်းသည့် သူက ဆရာဝန် သူနာပြုတွေကပဲ စောင့်ရှောက်နေသည်မဟုတ်ပါ။ လူနာအချင်းချင်းလည်း ဂရုစိုက်ကြပါသည်။

နိုးဒီကိုရောက်ရောက်ခြင်းတုန်းကဆို ပထမတစ်ပတ်လောက် စိတ်တွေ ထိန်းမရခဲ့ပါ။ တစ်ခါကဆို စိတ်တွေဖောက်ပြားမိပြီး ကိုယ့်ကိုယ်ကို ထိခိုက်မိခါနီး လူနာထဲက တစ်ယောက်ကပဲ မိမိကို ကယ်ခဲ့သည်။ အဲ့နောက်ပိုင်း နိုးတဖြည်းဖြည်းနဲ့ ဆေးပတ်လည်ပြီး အသိပြန်ရလာတော့မှ သည်ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှုကို ခံစားလာရသည်။ တစ်ဖက်သူက သူတို့ဘက်ကစကာ နှလုံးသားတံခါးကို ဖွင့်ပေးပြီး နွေးထွေးပြလာသည်မလို့ ကြာလာတော့ နိုးဘက်ကလည်း အနည်းငယ်အလျှော့ပေးလိုက်မိသည်။ သည်ကလူတွေသည် နေမကောင်းပင်မဲ့ အပြင်က လူတွေထပ် အများကြီးသာတယ်ဟု နိုးထင်မိသည်။ ဟန်ဆောင်မှု ကင်းသည်။ လွတ်လပ်သည်။ တစ်ယောက်အားနည်းချက်ကို တစ်ယောက်နားလည်သည်။ အရှိကို အရှိတိုင်းလက်ခံကြသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Место, где живут истории. Откройте их для себя