Ep(50_Final) Highlight~
ထပ်တူကျခြင်းဆိုတာရဲ့ အဓိပ္ပါယ်ကို သေချာသိပါရဲ့လား။
✰♪✰♪✰♪
တိမ်စိုင်ငယ်တို့ လွင့်မျောချိန်
ကြယ်ရောင်ငယ်တို့ ဖြာကျချိန်
အလင်္ကာငယ်ရဲ့ ချစ်စကား
မဝေးတော့တဲ့ အချိန်လေးမှာ
တစ်ခွန်းတည်း မောင့်ကို ပြောလှည့်ပါ
ဒီတန်ခူးနှစ်ဆန်းမှာ...။တင်း...တောင်...။
ခြံတံခါးဘဲလ်တီးသံကြောင့် အလင်္ကာဝေ အိမ်ထဲကနေပြေးထွက်ကာ တံခါးဆွဲဖွင့်ပေးလိုက်သည်။
ဆွေမျိုးနီးစပ်ဆိုပြီး စံသာမြို့မှ နီးနီးနားနားမရှိတာမို့
စောစောစီးစီးအိမ်ရောက်လာသူမှာ မြဲတစေဆိုတဲ့ အားအားယားယားကောင်မှန်း ကြိုသိပြီးသားပါ။
တံခါးဖွင့်ပေးလို့ ဝင်လာတဲ့ သူ့ဆီမှာ ပုံမှန်ရနေကျ အမွှေးနံ့မဟုတ်ဘဲ တခြား အမွှေးနံ့တစ်ခု ထူးထူးဆန်းဆန်းရနေသည်။
ဒီအနံ့ကို အလင်္ကာ ရင်းရင်းနီးနီးသိပါတယ်...။ ဘာနံ့ပါလိမ့်။ပိုပြီးသေချာအောင် တစေ့အနားပြေးကပ်တော့ ဆိုင်ကယ်ပေါ်က ဆင်းလုဆဲဆဲပြင်နေတဲ့ တစေက မျက်မှောင်ကြုတ်ပြီး ပြုံးကြည့်သည်။
ဘာလုပ်တာလဲဆိုတဲ့ ပုံစံနဲ့ပေါ့။အာ...သိပြီ ဒါကံ့ကော်ပန်းပဲ။
"ကံ့ကော်ပန်းတွေ ယူလာတာလား ငါအနံ့ရနေလို့""ဟင် နှာခေါင်းကောင်းလှချည်လား။ ငါခေါ်တဲ့ ခွေးသူတောင်းစားလေးဆိုတဲ့ Nicknameက သာမန်မှမဟုတ်ဘဲ။ တကယ်မင်းနဲ့လိုက်တယ်"
"သေချင်လို့လား"
ပါးစပ်ထက် လက်ကမြန်တဲ့ အလင်္ကာက တစေ့လက်မောင်းကို လက်သီးနဲ့ ပိတ်ထိုးပစ်ပြီးနေပြီ။
"ငါမေးတာဖြေလေ ပန်းတွေယူလာတယ်မလားလို့""အင်းဟုတ်တယ်"
အဲ့လိုပြောပြီး တစေက ဆိုင်ကယ်လက်ကိုင်မှာ ချိတ်လာတဲ့ လေးထောင့်စက္ကူဘူးလေးကို ဖြုတ်လိုက်သည်။
အပေါ်အောက် ထူထူထဲထဲနဲ့ ဘူးလေးက အမှတ်တမဲ့ကြည့်ရင် ကိတ်ဘူးလေးလိုပဲ။
သေသေသပ်သပ်ကျကျနနထုပ်ပိုးထားတဲ့ ထိုဘူးလေးကို တစေက သူ့ရဲ့ရှည်ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ ဂရုတစိုက်ဖွင့်လိုက်သည်။
အဲ့အခါမှ စောစောက ခပ်သင်းသင်းရနေတဲ့ ကံ့ကော်ပန်းသည် ပိုပြီးစူးစူးရှရှပျံ့လွင့်လာတော့သည်။
ချုပ်တည်းခံထားရတဲ့ အရာတွေ ပွင့်အံ့ထွက်လာသလိုမျိုး။
ဘူးလေးထဲကနေ ထုတ်ယူလာတဲ့ ပန်းတွေကိုကြည့်တော့
ကံ့ကော်ပွင့်(၂၀)လောက်ကို အရိုးတံကနေ စည်းနှောင်လို့ အပေါ်ပိုင်းအပွင့်တွေက ဝိုင်းဝိုင်းလေး ဖြစ်နေတဲ့ သာမန်ပန်းစည်းလေး။
ဆိုင်ကယ်ပေါ်ကနေ ဆင်းရင်း အလင်္ကာ့လက်ထဲကို ထိုးပေးသည်။
အလင်္ကာ သဘောတကျနဲ့ လက်ပြောင်းယူတော့ တစေကလည်း ကြည်ကြည်နူးနူးနဲ့ ပြုံးပါသည်။
"ဝယ်လာတာလား ငါတို့ခေါင်းရင်းမှာလည်း ကံ့ကော်ပင်ရှိပါတယ်"