ကျွန်မဟာ ကျွန်မပတ်လမ်းထဲမှာပဲ လည်ပတ်ရင်း အစ်မကို လွမ်းနေခဲ့တာပါ။ အင်္ဂါနံထောင့်မှာ နှင်းဆီနီတွေ ကပ်လှူရင်း ဘာသာတရားမယုံကြည်သူလေး အေးချမ်းစေဖို့ မေတ္တာပို့သဖြစ်တယ်။
ပြန်မလှည့်လာမယ့် ရာသီဥတုမှာ ဘယ်လိုဖြေသိမ့်မှုမျိုးကမှ ကျွန်မကို အံဝင်ခွင်ကျမဖြစ်လာစေဘူး။ ဆုပ်ကိုင်မိသမျှ အကြေအမွတွေချည်းပဲ။ မျက်နှာမူရာတိုင်းမှာ ပြန့်ကျဲနေတဲ့ အိပ်မက်တွေ။
သောကြာနေ့တိုင်း ဘားတစ်ခုရဲ့ ထောင့်စွန်းဝိုင်းမှာ အရင်လို စောင့်နေဖြစ်သေးတယ်။ ဘယ်လိုသံလိုက်အိမ်မြှောင်မျိုးကမှ ကျွန်မရှိရာအရပ်ကို ညွှန်မပြနိုင်ပုံပဲ။ ရောက်မလာနိုင်သူအပေါ် ရောက်လာဖို့တော့ မမျှော်လင့်ချင်ခဲ့ဘူး။ ကျွန်မဘက်က တမ်းတမိရုံနဲ့ အစ်မမျက်ဝန်းတွေ စိုစွတ်သွားတာမျိုး၊ တယ်လီပသီတွေဆိုတာ တကယ်တမ်း သက်ရောက်မှုမရှိခဲ့ပါဘူး။
တတ်နိုင်သမျှထက် ဝေးဝေး ပြေးပြီးတဲ့နောက် သောကြာနေ့တွေကိုတော့ ထပ်မရှိစေချင်တော့ဘူး။ အစကနေ တဖြည်းဖြည်းချင်း အသစ်တစ်ဖန် ပြန်နာရတဲ့ အမာရွတ်တွေ။
စာတွေလည်း ရေးဖြစ်ခဲ့ပေမယ့် လိပ်စာတော့ မတပ်ဖြစ်ခဲ့ပြန်ဘူး။ လုပ်ယူခြင်းမဟုတ်တဲ့ သတိရစိတ်ဟာ ကျွန်မကို တည့်တည့်ကြီး ဝင်တိုက်တယ်။
ကိုယ့်အတွက်ကိုယ်မရည်ရွယ်တဲ့ ဖလန်နယ်ရှပ်တွေ ဝယ်စုဖြစ်တုန်းပဲ။
ဒါ ကျွန်မဘက်က သတိရစိတ်ပါ။ အစ်မအတွက်တော့ လွမ်းရမယ့်သူ သိပ်များနေခဲ့မှာ။#အယ်ရာ
YOU ARE READING
ရောက်တတ်ရာရာ စာစုများ
Short Storyနာကျင်ရခြင်း အကြောင်းများပါပဲ ဘယ်သူ့ကိုမှတော့ ထိခိုက်လိုစိတ်မရှိခဲ့ပါဘူး