Chapter - 1 ( First Meet)

1.3K 105 62
                                    

တစ်ခုသော နွေရာသီ, မေလ၏ ပူပြင်းသောရက်တစ်ရက်တွင် ဖြစ်သည်။ ဂျယ်ယွန်းသည် အခန်းတွင်းအောင်းကာ Physics စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။ ဦးနှောက်နဲ့စိတ်အစဉ်သည် သီအိုရီများနဲ့ တွက်ချက်မှုများကြားတွင် ပြေးလွှားနေစဉ် မာတာမိခင်ရဲ့ မီးဖိုချောင်ထဲမှ အော်ခေါ်သံကြောင့် စုစည်းထားသော အာရုံများပြန်ကျဲ့သွားရပြန်သည်။

"ဂျယ်ယွန်းရေ မီးဖိုချောင်ထဲက အမှိုက်တွေစုထုပ်ပြီး အိမ်ရှေ့မှာ ချထားတယ် မေမေ မအားတော့လို့ သွားပစ်ပေးပါဦး "

"ဟုတ် မေမေ "

စာအုပ်ပိတ်လိုက်ပြီး ပျင်းပျင်းနဲ့ အကြောဆန့်လိုက်သည်။ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တော့ မေလရဲ့နေက စူးစူးရဲရဲတောက်ပနေလျက်။ ဖြစ်နိုင်လျှင် ဒီလိုအချိန်မျိုးတွင် အပြင်မထွက်ချင်။ သို့သော် အမေ့စကားကိုလည်း လွန်ဆန်လို့မရသောကြောင့် စီးနေကျ စက်ဘီးအစိမ်းရောင်ဖျော့ဖျော့လေးကို အပြင်ဘက်ကို ထုတ်လာခဲ့သည်။

အမှိုက်အိတ်ကို စုချည်ကာ ဘယ်ဘက်လက်တန်းတွင် ချိတ်ပြီး အမှိုက်ပစ်ရာနေရာကို ဦးတည်သည့်လမ်းကြားလေးအတိုင်း စက်ဘီးကို ဖြည်းဖြည်းအေး စီးလာသည်။ ဂျယ်ယွန်းတို့မြို့လေးသည် ပင်လယ်နှင့် တောင်တန်းကြားရှိ မြေပြန့်လွင်ပြင်တွင် အခြေတည်ထားသော မြို့လေးဖြစ်သဖြင့်ရာသီဥတုမှာ မျှတသည်ဟုပြောရမည်။ လမ်းတိုင်းလိုလိုတွင်လည်း သစ်ပင်များစိုက်ထားကြသဖြင့်သစ်ပင်ရိပ်များအောက်မှ စက်ဘီးလေးကို ကွေ့ကာ ဝိုက်ကာဖြင့် စီးလာရင်း နေပူဒဏ်ကို သိပ်မခံရပဲ အေးအေးလူလူဖြင့် ရောက်လာခဲ့သည်။သို့ရာတွင် ပြဿနာက အမှိုက်ပစ်ပြီး ပြန်လာရာတွင် စသည်။

------------

ဘုန်းခနဲဟူသော စက်ဘီးတိုက်သံနဲ့ ကျယ်လောင်စွာထွက်ပေါ်လာသော လူအော်သံကြောင့် အနားရှိ ခိုတစ်အုပ်မှာ အဝေးကို အလန့်တကြားပျံထွက်သွားကြသည်။ ခပ်လှမ်းလှမ်းရှိ သစ်ပင်ရိပ်အောက်တွင် ငိုက်မြည်းနေသော ခွေးညိုလေးမှာလည်း အသံကြားရာနေရာကို ခေါင်းထောင်ကြည့်သည်။ စက်ဘီးနဲ့တိုက်ခံရပြီး လမ်းပေါ်တွင် ဖင်ထိုင်ရက်လဲကျနေသော ကောင်လေးက စက်ဘီးပေါ်ရှိမျက်မှန်ဝိုင်းဝိုင်းနဲ့ ကောင်လေးကို မကျေမနပ်ဖြင့်လှမ်းရန်တွေ့သည်။ သူ့ဘေးတွင်လည်း ပုံပျက်ပန်းပျက်ဖြစ်နေသော Sandwich တစ်ခုနဲ့ Ice- coffee တစ်ဘူး။

Carry Me Home // ( On going )Where stories live. Discover now