Mr. Cinderella

487 72 39
                                    

Unicode

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...

'ဖားချိုင်'ဆိုတဲ့တိုင်းပြည်ကြီးမှာ ကုန်းရှီမင်းကြီးအုပ်ချုပ်တော်မူသတဲ့။

ကုန်းရှီမင်းကြီးမှာ ကုန်းကျွင့်ဆိုတဲ့ တစ်ဦးတည်းသော သားတော်လေးတစ်ပါးရှိတယ်။ မင်းကြီးအတွက်တော့ တိုင်းပြည်အရေးပြီးရင် သားတော်လေးကသာ သူ့ရဲ့အရာရာဖြစ်ခဲ့တာပေါ့။ မင်းသားလေးကုန်းကျွင့်ဟာလဲ တတ်အပ်တဲ့ စာပေပညာရပ်တွေအပြင် ၊ ဓားရေးနဲ့ အတိုက်အခိုက်ပိုင်းမှာပါ ကျွမ်းကျင်ထက်မြက်လေတယ်။ 

လက်ရုံးရည်ရော ၊ နှလုံးရည်ပါ ပြည့်ဝတဲ့မင်းသားလေးကို သူ့ရဲ့အသက်၂၀ပြည့်မွေးနေ့မှာပဲ ခမည်းတော်ဖြစ်သူက အိမ်ရှေ့စံရာထူးအပ်နှင်းဖို့ရန် အကြောင်းဖန်လာတယ်။ ဘုရင့်သားတော်ရဲ့မွေးနေ့ပွဲဖြစ်တဲ့အပြင် ၊ အိမ်ရှေ့စံအဖြစ်အပ်နှင်းမယ့်သဘင်အခမ်းအနားပါဖြစ်လေတော့ ပွဲကပိုစည်သပေါ့။

မဟာမိတ်တိုင်းပြည်အချို့ဆို သံတမန်တော်တွေနဲ့အတူ အဲဒီတိုင်းပြည်တွေရဲ့ဘုရင့်သမီးတော်အချောအလှလေးတွေကပါ အတူလိုက်ပါရင်း မင်းသားလေးကုန်းကျွင့်ရဲ့မွေးနေ့ပွဲကို တက်ရောက်ဂုဏ်ပြုကြတယ်။ ပွဲညရောက်တော့ ဂုဏ်မြင့်တဲ့အချောအလှအနုအရွလေးတွေက ပွဲထဲလက်ညှိုးထိုးမလွဲမို့ ခမည်းတော်ဖြစ်သူက ကုန်းကျွင့်ကို ကြင်ယာတော်ရွေးစေဖို့ တိုးတိုးအကြံပြုတယ်။

မြင့်မားတဲ့အရပ်အမောင်း ၊ ညှို့ငင်အားကောင်းတဲ့မျက်ခုံးမျက်လုံးတွေအပြင် ၊ အသက်၂၀အရွယ်ရဲ့ပျိုမြစ်တက်ကြွမှုတွေပေါင်းစပ်ထားတဲ့ မင်းသားလေးကုန်းကျွင့်ရဲ့ရူပကာဟာ ပွဲထဲက အမျိုးသမီးလေးတွေရဲ့အသည်းနှလုံးကို မလွဲမသွေကိုင်လှုပ်ပစ်လိုက်နိုင်တယ်။ ဒါပေမဲ့လို့ ပွဲထဲမှာရှိနေတဲ့ဘယ်အမျိုးသမီးကမှ မွေးနေ့ရှင်မင်းသားလေးရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့အစွမ်းအစတော့မရှိလေဘူး။ မချစ်ရင် အောင့်ပြီးတောင်မနမ်းတတ်တဲ့မင်းသားလေးက ပွဲစကတည်းက ပွဲလာအမျိုးသမီးလေးတွေကို နှုတ်ခွန်းဆက်ရုံအပြင် ထပ်ပြီးအဆင့်မတက်။ သူဟာ ပွဲရဲ့အဓိကဇာတ်လိုက်ဖြစ်ပေမဲ့လို့ ပွဲလမ်းသဘင်နဲ့ လူများတဲ့နေရာတွေကိုမကြိုက်တတ်တဲ့မင်းသားလေးက ပွဲကနေရှောင်ထွက်ဖို့ကိုပဲ ခေါင်းထဲတွေးနေခဲ့တယ်။

𝑀𝑟. 𝐶𝑖𝑛𝑑𝑒𝑟𝑒𝑙𝑙𝑎 ( One Shot )Место, где живут истории. Откройте их для себя