" ဒီ အဆင်တွေက တနေ့ ကမှ ကားဂိတ်က ချတာ အစ်မရဲ့။ အစ်မနဲ့ လိုက်တယ် "
မိကျော်၏ အရောင်းစာရေးမလေး တစ်ယောက်နှင့်အတူ ဝမ်းဆက် အစများ ရွေးနေသော မယု ကို မေခန့် မလှမ်းမကမ်းမှ ငေးကြည့်နေမိသည်။
ခေါင်း တစ်ချက် လှုပ်လိုက်တိုင်း ယိမ်းနွဲ့သွားသော လည်တိုင်ကျော့ကျော့က ဝင်းမွတ်နေကာ သွေးကြောစိမ်းစိမ်းတွေကိုပါ မြင်နေရသည်။
ကျောင်းမှာ စာသင်သည့်အခါ ထို
သွေးကြောတွေက ထောင်နေမည်လား။ကိုယ့်အတွေးကိုယ် လက်မခံစွာ ချက်ခြင်းပယ်ချလိုက်ရသည်။
ဘယ် တက္ကသိုလ် ဆရာမ က အကြောတွေထောင်တဲ့အထိ အော်ဟစ်ပြီး စာသင်ပါ့မလဲ။
အထူးသဖြင့် မြန်မာစာ လို Major မျိုးကလေ။
မေခန့်၏ အသားအရည်လို ဖြူပြီး ပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ ဝါညက်ညက်နှင့် အလွန်ပင် အသားအရည် လှသောအမျိုးသမီးပါပေ။
စူးရှပြီးအရည်ကြည်တွေ လဲ့နေသော မျက်လုံးတောက်တောက်များကို မျက်ရစ်ထူထူတွေက ဝန်းရံထားသည်။
အချိုးအစား ကျနစွာ ဖွဲ့စည်းထားသော ခန္ဓာကိုယ် အဆစ်အပေါက် ကလည်း မြန်မာဝတ်စုံနှင့် လွန်စွာ လိုက်ဖက်ညီလွန်းသည်။
မေခန့်၏ ငါးပေ ခြောက်လက်မ အရပ်နှင့် စာလျှင်တော့ မယုက ပုနေမည် ဖြစ်သော်လည်း သာမှန် မိန်းကလေးများနှင့်ဆိုလျှင် အနေတော် ဟုပြောလို့ရမည့်အရပ်မျိုး ဖြစ်သည်။
အပြင်အဆင် က အစ အစစ အရာရာ မေခန့်နှင့် ခြားနားနေသော်လည်း တူညီတာ တစ်ခုက မယုသည် မြန်မာဝတ်စုံနှင့် အနည်းငယ် သွေဖယ်နေသည့် ကွင်းထိုး ဖိနပ် အမဲရောင်လေးကိုသာ စီးထားခြင်းပင်။
မေခန့်သာ အမှတ်မမှားဘူး ဆိုလျှင် စ တွေ့သည့် နေ့ကလည်း ထို ကွင်းထိုး ဖိနပ်ကိုသာ စီးထားသည် မဟုတ်ပါလား။
ကျန် အမျိုးသမီးများ ထိုကဲ့သို့ မြန်မာဝတ်စုံနှင့် ကွင်းထိုးဖိနပ်ကို တွဲစီးလျှင် ကြည့်ရ ခက်ခက်နှင့် မလိုက်မဖက် ဖြစ်နေမှာ မှန်သော်လည်း မယု ဖြစ်နေသည့်အတွက် ကြည့်ကောင်းလှစွာဖြင့် အမြင်ပင် ဆန်းနေသေးသည်။
KAMU SEDANG MEMBACA
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romansaမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....