Unicode.
လော့ဖုန်း အသက်၁၀နှစ်။
နေရောင်ခြည်က ရွှေဝါရောင်လှိုင်းများအသွင်ဖြင့် ထွန်းတောက်နေသည်။လေပြေတွေက ရင်ကိုအေးစေသည့်အလား အေးချမ်းနေသည်။
လော့အိမ်တော်၏ကြမ်းပြင်တွေက ရွှေ၊ငွေ၊ပတ္တမြားတို့၏ ပြောင်လက်မှုနှင့်အပြိုင်အဆိုင် တောက်ပနေသည်။
ကျွန်းသားစားပွဲရှည်ပေါ်တွင် ဟင်းတွေကအမျိုးအမည်စုံလင်စွာ တည်ခင်းထားသည်။ဟင်းရနံ့တွေက မွှေးကြိုင်လွန်းနေပြီး ဗိုက်အတော်ပြည့်နေရင်တောင် ချက်ချင်းဆာလောင်သွားစေနိုင်သည်။
"လာစားလေ။"
အမေက လော့ဖုန်းအား တစ်ချက်မော့ကြည့်ပြီး ပြောလိုက်၏။
လော့ဖုန်း၏ခြေသံခပ်ပြင်းပြင်းက ထွက်ပေါ်လာပြီး ထမင်းစားဝိုင်းနားမှ တိကနဲရပ်တန့်သွားသည်။သူ၏ စူးရှကျဥ်းမြောင်းသော မျက်လုံးတွေက ထမင်းစားဝိုင်းကိုသာ ကြည့်နေပြီး ငါးသံပုရာပေါင်းဟင်းခွက်ထံ၌ အကြည့်တို့ရပ်တန့်သွားသည်။တစွန်းတစမြင်နေရသော ဆံပင်ချည်ကို သတိထားမိသွားပြီး သူ၏မျက်နှာမှာ ကွက်ခနဲပျက်သွားသည်။သို့သော် သူသည် ကြယ်ပွင့်ရ သရုပ်ဆောင်အလား အမူအရာကို ချက်ချင်းထိန်းလိုက်သည်။
ထမင်းစားဝိုင်းတွင် အသာတကြည်ဝင်ထိုင်လိုက်ပြီး ဟင်းအချို့ကို သူ၏ပန်းကန်ထဲသို့ခပ်ထည့်လိုက်သည်။မိသားစုနှင့်အတူ ထမင်းစားနိုင်ပါသော်လည်း၊ဟင်းတွေမှာလည်း အရသာရှိနေပါသော်လည်း၊မည်သည့်အရာက မှားနေမှန်းမသိ။သူ၏လျှာအရသာခံနိုင်စွမ်းမှာ လောင်မြိုက်နေသော မီးသွေးခဲတစ်ခဲကို စားရသည့်အလား ပူလောင်နေသည်။
"လော့ဖုန်း ငါးဟင်းကြိုက်လား။"
လော့သခင်ကြီးသည် ငါးဟင်းအား ခပ်ရင်း လော့ဖုန်းအား မေးလာသည်။လော့ဖုန်း ပြုံးကာခေါင်းညိတ်ပြလိုက်သည့်အခါ လော့သခင်ကြီးက ငါးဟင်းပန်းကန်အား သူ့အနားသို့ တိုးပေးလာသည်။
"ကြိုက်တယ်ဆို များများထည့်စား။"
အဖေပြောပြီးသည့်အခါ ထမင်းစားဝိုင်းတွင်စကားပြောသံများမှာ တဖန်တိတ်ဆိတ်သွားပြန်သည်။