UNICODE VER.
<ငါမင်းဆီပြန်မလာတော့ဘူး ဂျယ်ယွန်း>
Phone Notification မှ တက်လာသည့် message ကို သူအချိန်အကြာကြီးထိုင်ကြည့်နေမိသည်။
အပြင်တွင် သည်းထန်စွာရွာနေသော မိုးတို့ကိုပင် မေ့သွားရလောက်အောင်၊အလုပ်မှ ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ကို မတွေးမိရလောက်အောင်။
စာတစ်ခုခုပြန်ရန် စဥ်းစားမိသော်လည်း သူ့တွင်ပြန်ပြောစရာစကားတို့မရှိ။ဒီတိုင်း အင်းလို့ပဲပြန်ပို့လိုက်ရမလား။ဒါမှမဟုတ် ထွက်မသွားပါနဲ့လို့ အဆုံးထိဆွဲထားရမလား။
နောက်ဆုံး သူလုပ်မိသည်ကတော့ Phone ကို စက်ပိတ်လိုက်ပြီး မွေ့ရာဖြူဖြူပေါ်တွင် လှဲချလိုက်ခြင်းသာ။
မိုးမိလာသဖြင့် စိုရွှဲနေသောအဝတ်တို့ကို လဲရန် စိတ်ကူးရှိသော်လည်း သူ့ခန္ဓာကိုယ်သည် ခွင့်မပြုတော့။သူနားဖို့လိုနေလေပြီ။သူပင်ပန်းနေလေပြီ။
ဟီဆွန်း သူ့ကို နယ်ဖက်သို့ လအချို့သွားရမည်ဟုပြောစဥ်က သူတို့ညဖက် အိမ်ရှေ့ခန်းတွင် ခေါက်ဆွဲပြုတ်ပူပူကိို တူတူထိုင်စားနေစဥ်တွင်ဖြစ်သည်။အိမ်ပြင်တွင်လည်း ယခုလို မိုးများရွာနေချိန်။
အမြဲလိုလိုပြုံးယောင်သန်းနေသော နှုတ်ခမ်းတို့သည် ထိုအချိန်တွင်လည်း ပြုံးနေခဲ့သည်။သူသည်လည်း ပြုံးနေသော ဟီဆွန်းကိုကြည့်ရင်း အသာတကြည်ခွင့်ပြုပေးခဲ့သည်။
ထိုညက ဟီဆွန်းနှင့်သူ၏နောက်ဆုံးညဆိုတာ သူသိခဲ့လျှင် ဟီဆွန်း၏စကားကို သူလက်ခံမည်မဟုတ်။ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။
စတင်မှားယွင်းခဲ့သည့်အချိန်ကို သေချာသူမမှတ်မိပါတော့ပေ။
ဟီဆွန်းကို အမျိုးသမီးတစ်ယောက်နှင့်အတူ အမြဲတွေ့ရတတ်သည့်အချိန်များကတည်းကလား။ဟီဆွန်းသည် အလုပ်များသော ဆရာဝန်လေးတစ်ယောက်ဖြစ်သော်လည်း သူ့အတွက်ဆိုလျှင် အမြဲအချိန်ဖယ်ပေးထားတတ်ပါသည်။သူကသာ တစ်ချက်တစ်ချက်ထဖောက်တတ်ပြီး အလုပ်တွင်အာရုံနစ်ကာ ဟီဆွန်းကိုအချိန်မပေးမိသူဖြစ်သည်။