(Unicode)
မိုးတွေ တဖွဲဖွဲကျလာတယ်။ အမိုးအကာမရှိတဲ့ ခန္ဓာကိုယ်ပေါ် မိုးရေစက်များက တဖြောက်ဖြာက် ခုန်ဆင်းလာကြတဲ့အခါ ဝတ်ထားတဲ့အင်္ကျီက စိုစွတ်သွားတယ်။
''ဟေး.. ချန်ယော။ အထဲဝင်လေ။ မင်းဖျားရင် မင်းပဲခံရမှာ''
အန်တီအီဆူးက လှမ်းအော်တော့ မိုးပေါက်ကလေးတွေကို နှမြောတသဖြစ်စွာ ထားခဲ့ပြီး အိပ်ဆောင်ထဲ ကူးခဲ့ရတယ်။ ခြေသံကြောင့် အိပ်ဆောင်ထောင့်တစ်နေရာမှာ ဒိုးဆက်ဆော့နေတဲ့ အဖွဲ့က လှည့်ကြည့်တယ်။ဘာမှမထူးဆန်းသလို ပြန်လှည့်သွားကြပေမဲ့ နှာခေါင်းရှုံ့သွားကြတာကိုတော့ မြင်လိုက်ပါတယ်။
ငယ်စဥ်တည်းက ဒီဂေဟာမှာ နေလာခဲ့တာဖြစ်သော်လည်း သူ့မှာ အပေါင်းအသင်းမရှိပါ။သီးသန့်နေတတ်တဲ့ စရိုက်ကြောင့်လား၊ အပြုံးအရယ်မရှိတဲ့ မျက်နှာရယ်ကြောင့်လား၊ သူသူငါငါထက် ကိုယ်လုံးကိုယ်ထည်ပိုကြီးလို့ရယ်ကြောင့်လား.. အနားမကပ်ရဲကြ။ သူကလည်း အဖော်မမင်တတ်တော့ အနေသာကြီးပါပဲ။
''ဘာလို့ မိုးစိုခံရတာလဲ ချန်ယောရယ်။ အချိန်အခါမဟုတ်ရွာတဲ့မိုးမိရင် ဖျားတတ်တယ်''
အန်တီအီဆူးက ညည်းညည်းညူညူဆိုရင်း အိပ်ဆောင်ထဲဝင်လာပြီး သူ့ခေါင်းကို သုတ်ပေးတယ်။တဘက်ကို ပြောင်းယူလိုက်ကာ ဆံသားတွေခြောက်သွားအောင် ကိုယ်တိုင် သုတ်ရင်း ..
''မိုးပေါက်ကလေးတွေကို ချစ်လို့ပါ''
အန်တီအီဆူးက သူဆက်ပြောမဲ့စကားကို စိတ်ဝင်တစားနားစွင့်တယ်။ဘာခံစားချက်မှမရှိတဲ့ကောင်လို့ သမုတ်ခံထားရတဲ့သူက ထူးထူးခြားခြား ချစ်ကြောင်းသဘောကျကြောင်း စကားဆိုလာတာကြောင့်ဖြစ်မှာပေါ့။
''မြေပြင်ပေါ်ရောက်တာနဲ့ လွတ်လွတ်လပ်လပ်စီးဆင်းသွားကြတာ ဘယ်လောက် အားကျဖို့ကောင်းလဲ။ဒါပေမဲ့လည်း တချို့ကျတော့လည်း ခွက်တွေ အိုးတွေထဲမှာပဲ နေခဲ့ရတယ်။ဖြစ်တည်မှုတူပေမဲ့ ရှင်သန်ရမဲ့ကံတရားကတော့ မတူကြဘူးနော်။ ကျွန်တော်တို့လိုပေါ့''
''ချန်ယောရယ်။ရောက်တဲ့နေရာ ဖြစ်လာတဲ့ဘဝမှာ ပျော်အောင်နေမှပေါ့''