(Unicode)
ပန်းကန်ထဲကို ရောက်လာတဲ့ ကြက်ဥအနှစ်လေးတွေ။ ကြည့်လိုက်တော့ စိုးထိတ်နေသလို မျက်လုံးလေးတွေနဲ့ သွားတိုးတယ်။ဒီကောင်လေးက စိတ်ကိုအလိုလိုက် လုပ်လိုက်ပြီးမှ သူ့ဆီက အဆူခံရမှာစိုးနေသလား။
''ဘာလုပ်တာလဲ''
''မင်းမှ ကြက်ဥအကာမှ မကြ်ိုက်တာ။ ငါနဲ့ လဲစားမယ်လေ။ ငါ့ကို အကာပြန်ပေး''
ဟော..ဒါကရော ဘယ်က ဘယ်လိုသိသွားရပြန်တာလဲ။
''ငါ အကုန်စားပါတယ်''
''ဒါပေမဲ့ အနှစ်တွေ အရင်ကော်စားတာလေ။အနှစ်ကုန်သွားပြီး အကာတွေစားတဲ့ အချိန်ဆို မင်းရုပ်ကြီးက ဒီလိုကြီးလေ''
မျက်နှာတစ်ခုလုံးကို ရှုံ့မဲ့ပြတယ်။
''လဲစားမယ်မလား''
ကြက်ဥစားတိုင်း ရောက်လိုက်ရတဲ့ စိတ်ဒုက္ခက သူ့ဘေးနား ဘတ်ခ်ဟျွန်းရှိချိန်မှစလို့ ကင်းဝေးသွားတယ်။
အဲလိုလေးတွေကြောင့် အမြင်ကြည်မယ် ပြင်လိုက်ရင် မတည့်အောင်လုပ်လုပ်လာတာကရှိသေး။
''ဒါ မေမေ ဝယ်ပေးထားတဲ့ လွယ်အိတ်လေ''
မေမေ မေမေနဲ့ လာလာကြွားတိုင်း ဘတ်ခ်ဟျွန်းက သူ့အတွက် မုန်းတီးစရာလေး။
''ငါ့မွေးနေ့တုန်းကလေ မေမေ ပေးတာ''
အမြဲ ကျောထက်တင်ထားတဲ့ ဒီလွယ်အိတ်အကြောင်း ဘယ်ကတည်းက ပြောပြချင်နေလဲမသိ။ခွေးစုတ်ဖွားသဏ္ဍာန်နဲ့ မွှေးပွကျောပိုးလွယ်အိတ်လေး။ခွေးကလည်း နားရွက်ကားကားတွေနဲ့ ရုပ်ဆိုးလိုက်တာ။ဒီပုံ ဒီဒီဇိုင်းအရဆို သေချာပေါက် စျေးချိုမဲ့အိတ်။
ကလေးအသေးလေးအရွယ်လောက် သုံးရမဲ့ လွယ်အိတ်သေးသေးလေးကို မတော်တရော် စွဲစွဲမြဲမြဲလွယ်တာလည်း မျက်စိနောက်စရာ။ မျက်စိရှေ့မှာ လွယ်အိတ်က ကြိုးလေး တယမ်းယမ်းနဲ့ လျှောက်သွားတာကလည်း အာရုံနောက်စရာ။
''အဲ့အိတ် တအားရုပ်ဆိုးတာပဲ''
စိတ်မဆိုးတတ်တဲ့ကောင်က..
''ဟုတ်ပ မင်းလွယ်အိတ်လောက်တော့ မလှဘူးနော်''တဲ့။
မလှဘူးဝန်ခံပေမဲ့ အမေလုပ်သူက ပေးထားတာကြောင့် ဘတ်ခ်ဟျွန်းက အဲ့ကျောပိုးလေးကို အမြတ်တနိုး။