(Unicode)
ရှောင်းကျန့်က ဘူတာရုံကို အပြေးအလွှားသွားနေရသည်။
လက်မှာပတ်ထားတဲ့ နာရီကိုငုံ့ကြည့်လိုက်တော့ မနက်ရှစ်နာရီခွဲ။
ဒီနေ့တစ်နေ့တာအတွက် လျှောက်လည်ဖို့ အငှားရည်းစားကို အွန်လိုင်းက ရည်းစားငှားတဲ့ အက်ပလီကေးရှင်းတစ်ခုကနေ ငှားခဲ့တာဖြစ်သည်။
အငှားရည်းစားနဲ့ ချိန်းထားသည်က xx ဘူတာရုံမှာ မနက်ကိုးနာရီ။ နောက်ကျလို့တော့မဖြစ် ဂျပန်တွေက အချိန်တိကျသည်လေ။
အိပ်ယာထနောက်ကျသွားတဲ့အပြင် ဘာဝတ်ရင်ကောင်းမလဲလို့ ဝတ်ဖို့ အဝတ်အစားပါ ရွေးနေရင်းကြာသွားတာဖြစ်သည်။
မနေ့ညကတည်းကကြိုရွေးထားဖို့ရာ အလုပ်ကပြန်လာတာနဲ့ ပင်ပန်းတာကြောင့် ချက်ချင်းအိပ်ပျော်သွားလို့ အဝတ်အစားမထုတ်ထားလိုက်ရတာ။
ဆောင်းရာသီဖြစ်တာကြောင့် လည်ပိတ်အနွေးထည်တစ်ထည်နဲ့ အနွေးဘောင်းဘီတစ်ထည်ကိုကောက်စွပ်လ်ိုက်ပြီး ကုတ်အင်္ကျီကို အပေါ်က ထပ်လိုက်သည်။ မျက်မှန်အဝိုင်းကို တပ်လိုက်ပြီးနောက် လွယ်အိတ်လွယ်ကာ ဘူတာရုံဘက်ကို အသော့နှင်ရတော့သည်။
ဘူတာရုံနဲ့ အိမ်နဲ့က သိပ်မဝေးတာကြောင့် တော်သေးသည်ဟုဆိုရမည်။ ဘူတာရုံက xx စင်္ကြံအမှတ်ကိုရောက်သွားတော့ ကိုးနာရီကွက်တိ ။
ဟူး ! တော်သေးသည်။ အချိန်မီမရောက်ရင် အချိန်မတိကျသူဟု သတ်မှတ်ခံရလိမ့်ဦးမည်။
ဒါနဲ့ မနေ့က ချိန်းဆိုထားတဲ့ အငှားရည်းစားကောင်မလေးကို မတွေ့မိ။ ဘယ်ကိုရောက်နေပါသနည်း။
ထူးခြားချက်က ရွှေအိုရောင်ဆံပင်တွေရှိတာကြောင့် ရှာရလွယ်မည်ဟုထင်ခဲ့သည် ။ ဒါပေမယ့် သူမကို မတွေ့ပါ။
ပြောတော့ ဂျပန်တွေက အချိန်တိကျတယ်ဆို ? ခုတော့ ဘယ်မလဲ ။
ဖုန်းနံပါတ်ချင်း ဖလှယ်ထားတဲ့အတွက် မက်ဆေ့ချ်အရင်ပို့ကြည့်လိုက်တော့ သူမလည်း ဘူတာရုံကိုရောက်နှင့်နေပြီဖြစ်ကြောင်းပြောသည်။
ဘယ်လိုသိနိုင်မလဲလို့မေးကြည့်တော့ ဟူဒီအဖြူရောင်ဝတ်ထားပြီး ဦးထုပ်အမည်းဆောင်းထားသည်တဲ့။