(Unicode)
''အန်တီအီဆူး ခါးကြီးကုန်းကုန်းနဲ့ အဘွားကြီးဖြစ်တဲ့အထိ ကျန်းမာအောင်နေရမယ်နော်''
အပြုံးလေးဆင်လို့ ဆိုနေပေမဲ့ ဘတ်ခ်ဟျွန်းက မျက်ရည်တွေဝဲနေခဲ့သလို အန်တီအီဆူးကလည်း မျက်ရည်တွေကို အင်္ကျီစနဲ့ တို့သုတ်တယ်။
''နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ရမယ်။ကာကွယ်ပေးရမယ်။အန်တီအီဆူးစိတ်ချချင်တယ်နော်။လိုတဲ့အချိန်တိုင်း ဒီဂေဟာမှာ အန်တီအီဆူးရှိနေတယ်ဆိုတာ သတိရပေးကြ ဟုတ်ပြီလား''
ဝယ်လာတဲ့ သိုးမွှေးလက်အိတ်လေးကို အန်တီအီဆူးလက်တွေဆီ တစ်ဖက်စီ စွပ်ပေးလိုက်တယ်။
''သားတို့ရဲ့ လက်ဆောင်ပါ အန်တီအီဆူး။နောက် ပိုက်ဆံတွေအများကြီးရှိလာတဲ့အခါမှ ပိုကောင်းတာ ဝယ်ပေးမယ်''
ဆောင်းရာသီတိုင်း လက်တွေအေးနေတတ်တဲ့ အန်တီအီဆူးက အချိန်ကာလမရွေး သူတို့ကိုတော့ နွေးထွေးစွာ ထွေးပွေ့ပေးခဲ့တယ်။
အန်တီအီဆူး လက်ကလေးတွေ အမြဲ နွေးပါစေ...
ဆိုးလ်ကို သွားဖို့တက်ကြွနေပေမဲ့ တစ်ဖက်မှာလည်း ငယ်စဥ်ကတည်းက နေခဲ့တဲ့ဂေဟာကို ထားခဲ့ရမှာမို့ ဝမ်းနည်းမိတာပါပဲ။ဂေဟာမှာ လူတွေအများကြီး ရှိပေမဲ့ သူတို့ကို အပေါက်ဝထိလိုက်ပို့တာကတော့ အန်တီအီဆူးနဲ့ ဘတ်ခ်ဟျွန်းရဲ့ကလေးတသိုက်သာ။
''ချန်ယော ဟိုအိတ်..''
ကမ်းပေးလိုက်တဲ့ အိတ်ထဲကနေ လက်ကိုင်ပုဝါတစ်ထပ်လိုက်ကို ထုတ်တယ်။ကလေးတွေ လက်ထဲကို တစ်ယောက်တစ်ခုနှုန်းလိုက်ထည့်ပေးတယ်။
''လက်ဆောင်နော်.. ဖြန့်ကြည့်''
လက်ကိုင်ပုဝါတွေထက်မှာ ရောင်စုံကားလေးတွေ၊ပျံသန်းနေတဲ့ ငှက်ကလေးတွေ၊ကျည်ဆန်ရထားတွေ၊တိုက်ခိုက်နေကြတဲ့ ဟီးရိုးပိစိလေးတွေ။ကလေးတွေဆီက ဝေးခနဲအသံတွေထွက်လာတယ်။သူတို့ကိုကြီးရဲ့ချည်ထိုးရုပ်ပုံလေးတွေက သူတို့အသည်းစွဲ။
တစ်လလောက်အလိုတည်းက ဘတ်ခ်ဟျွန်းမှာ ညမအိပ်နိုင် မီးလုံးအကူပြုလို့ လက်ကိုင်ပုဝါတွေပေါ် ရုပ်ပုံတွေထိုးခဲ့တာ။ဆွဲပေးရတဲ့ သူကတော့ အပန်းမကြီးပေမဲ့ အပ်ချည်သီရတဲ့ဘတ်ခ်ဟျွန်းကတော့ တော်တော်လေးအိပ်ရေးပျက် ပင်ပန်းခဲ့ပါတယ်။