(Unicode)
နှာခေါင်းထဲ ညှော်နံ့ရတာကြောင့် အိပ်ရာမှ ကမမ်းကတန်းထရတယ်။တညလုံး ရင်ခွင်ထဲ တိုးဝင်အိပ်ခဲ့တဲ့ ကောင်လေးက သူမသိအောင် ဘယ်အချိန်ကများ ထသွားသလဲ။
ထင်တဲ့အတိုင်းပဲ..
ဘတ်ခ်ဟျွန်းနဲ့ ကြက်ဥကြော်တွေရန်ဖြစ်နေပြီ။တစ်ဖက်သတ်ရန်လိုနေတဲ့ကောင်တွေက သေချာပေါက် ကြက်ဥတွေပဲပေါ့။ဆယ်နေတာကို အသာလိုက်မလာဘဲ ဇွန်းထဲကနေ အတင်း လျှောချထွက်ပြေးနေကြတာ။ဆယ်မရတော့ တဖြည်းဖြည်း အိုးနဲ့ ကပ်ကုန်ပြီး ဇွန်းပြားနဲ့ ထိုးကော်တဲ့အခါ ဆီပေါက်တွေစင်တာပေါ့။ဆီပေါက်စင်သွားတဲ့ ဘတ်ခ်ဟျွန်းက လက်ကို အသာပွတ်ပြီး ကျေနပ်တတ်ပေမဲ့ သူကတော့ စိတ်ကဆိုးမိရော။
''တစ်ကမ္ဘာလုံးက ကြက်ဥတွေ လိုက်ခွဲပစ်ချင်တာ''
''မင်းကတော့လေ''
လက်ဖမိုးကို ဆွဲယူကြည့်တော့ ဆီပေါက်စင်တဲ့နေရာက ခပ်ရဲရဲလေး။
''အပိုပြောတာ မဟုတ်ဘူး။ငါ တကယ် စိတ်တိုတယ်''
''ငါ အသုံးမကျတာပါကွာ။ကြက်ဥတွေမှာ အပြစ်မရှိပါဘူး''
ထပ်ပြောရင် ကြက်ဥတင်မက ဒင်းလေးကိုပါ စိတ်ဆိုးတော့မှာမှန်းသိတော့ ဆက်မပြောဘဲ လူကို ခါးကနေ သိုင်းဖက်လာတယ်။
''ဖယ်''
''စိတ်မဆိုးပါနဲ့''
''မနက်အစောကြီးဘာလို့ထရတာလဲ။ပြောထားလည်း စကားနားမထောင်ဘူး။နောက်ပိုင်းနော် ပုံစံကိုပြောင်းသွားတာ ကြည့်။အရင်ကဆို တစ်ခွန်းဆိုတစ်ခွန်းပဲ''
အလုပ်ကို ၇နာရီ အရောက်သွားရတော့ မနက်စာပြင်ချင်တယ်ဆို ဒီကောင်လေးက ၅နာရီလောက် ထရတယ်။ပြောရင် စိတ်ဆိုးရင် 'အေးပါ'ဆိုပြီး နောက် သုံးလေးရက်လောက်နေရင် ခိုးထပြန်တာပဲ။
''မင်းကို မနက်စာ စားစေချင်လို့လေ''
''လမ်းမှာ စားလိုက်လို့ရတာပဲ''
''မင်းက ငါ့ကိုပဲ ကျွေးပြီး မင်းကတော့ မဆာဘူးဘာညာနဲ့ လိမ်မှာလေ။အဝတ်အစားအသစ်တွေလည်း မလိုဘူး၊ တစ်သက်လုံး ဒီတိုင်းအိပ်လာတာ အကောင်းစားမွေ့ယာဆိုတာမျိုးတွေလည်း လိုမနေဘူး။ဒါ့ကြောင့် ပိုက်ဆံကို အရမ်းကြီး မချွေတာဘဲ နေကြမယ်လေနော်''