"သွားသောက်ရအောင် ရိပေါ်..."
အတန်းထဲကထွက်လာသည့်အခါ ချန်ရှင်း ဝမ်ရိပေါ်၏ ပုခုံးကိုဖက်၍ပြောလိုက်သည်။ သူတို့နောက်တွင် မင်ဟန်ကလည်းထပ်ကြပ်မကွာလိုက်လာပြီး...
"အေးဟုတ်တယ် သွားသောက်ရအောင်...မင်းကအသက်ပြည့်ပြီးမှ လိမ္မာသွားတော့ မင်းမသွားဖြစ်တဲ့ ကလပ်တွေမှ အများကြီးပဲ...လိုက်ခဲ့ အတူသွားရအောင်..."
"မလိုက်တော့ဘူး အိမ်စောစောပြန်မလို့..."
"အိမ်စောစောပြန်ပြီး ဘာလုပ်မှာလဲ မင်းလူလည်းရှိမှာမဟုတ်ဘူး...မနက်ဖြန်လည်း ကျောင်းပိတ်တာကို..."
"အေးလေ မင်းလူက မင်းကို ဆူမယ့်နေ နေသာ သူ့ဟာသူတောင် တခြားတစ်ယောက်နဲ့ အားမှာမဟုတ်ဘူး..."
ချန်ရှင်းစကားကြောင့် ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ပြင်နေသည့် ဝမ်ရိပေါ် ချာကနဲပြန်လှည့်လာပြီး ချန်ရှင်း၏ အင်္ကျီကော်လံစကို ဆုပ်ကိုင်လိုက်ကာ...
"ဘာစကားပြောတာလဲ..."
"ဟုတ်တာပြောတာလေ..."
တင်းမာနေသောအခြေအနေကြားထဲ မင်ဟန်ဝင်လာကာ...
"ချန်ရှင်းတော်ပြီ...ရိပေါ် မင်းလည်းစောစောပြန်ချင်ပြန်တော့..."
မင်ဟန်ဝင်ရောက်ဖြန်ဖြေသည့်တိုင် ဝမ်ရိပေါ် ချန်ရှင်းကို အလွှတ်မပေးသေးဘဲ...
"ခုနက စကားကိုပြန်ပြော..."
"အင်း မင်းမေးလို့ပြောတာ...ငါ့ကိုခဏလွှတ်ပေး..."
ဝမ်ရိပေါ် လွှတ်ပေးလိုက်သည့်အခါ ချန်ရှင်းသူ့ဖုန်းကိုထုတ်၍ ဓာတ်ပုံတွေကို နှိပ်လိုက်ပြီးပြဖို့လုပ်လိုက်တာကြောင့် မင်ဟန်ခေါင်းခါပြပြီး...
"ချန်ရှင်း မပြနဲ့..."
"ဘာဖြစ်လို့လဲ သိသင့်တာသိထားရမှာမဟုတ်ဘူးလား..."
"ချန်ရှင်း..."
နှစ်ယောက်သားတကြိတ်ကြိတ်ဖြစ်နေသည့်အချိန်တွင် ဝမ်ရိပေါ်စိတ်မရှည်စွာ ချန်ရှင်း၏ လက်ထဲကဖုန်းကိုဆွဲလုလိုက်သည်။
"ဘာကိုပြချင်တာလဲ..."
"ဒီမှာ..."
ဝမ်ရိပေါ် ဖုန်းကို စိုက်ကြည့်နေသည်မှာ နှစ်မိနစ်ခန့်ရှိပြီဖြစ်သည်။ မင်ဟန်က အနေကြပ်စွာ ခေါင်းကဆံပင်တွေက်ိုထိုးဖွလိုက်ပြီး ချန်ရှင်းကို လှမ်းကြည့်လိုက်သည့်အခါ ချန်ရှင်းက ဘာမှမဖြစ်သလို ပုခုံးပင့်ပြလိုက်သည်။မင်ဟန်အနေနဲ့ ဝမ်ရိပေါ်ကို ဒီလိုပုံတွေမမြင်စေလိုတာကြောင့် ချန်ရှင်းကို ထိန်းထားရတာ တစ်ပတ်လောက်ရှိနေပြီဖြစ်သည်။