အပိုင်း ၇၅၆ မှ ၇၆၀

475 42 0
                                    

စာစဥ် ၄၀ : အပိုင်း ၆

အပိုင်း ၇၅၆ : လင်းဖုန်း၏ ရှောင်လွှဲမရနိုင်သော ပြဿနာများ

လင်းဖုန်းသည် ကျဲယု၏ ကျောပေါ်မှ ပျံသန်းသွားခဲ့ကာ လေထုအပေါ်တွင် ရပ်နေခဲ့သည်။ သူသည် ဘေးဘီဝဲယာသို့ လှမ်းကြည့်လိုက်၍ သူ၏အရှေ့မှ ဘာမှရှိနေပုံ မပေါ်သော ဟင်းလင်းပြင်အား လှမ်းတို့လိုက်သည်။

ခဏအကြာတွင် လင်းဖုန်း၏ လက်ဖဝါး အလယ်မှနေ၍ လှိုင်းများကဲ့သို့သော အလင်းတန်း စက်ဝိုင်းများ အပြင်သို့ ထွက်လာကြသည်။

အလင်းတန်း စက်ဝိုင်းများ ကျယ်ပြန့်လာကြသောအခါ လင်းဖုန်း၏ အရှေ့တွင် ဧရာမ အလင်းတန်း စက်လုံးတစ်ခု ပေါ်လာခဲ့၏။ ထိုစက်လုံး၏ အရွယ်အစားမှာ ကြီးမားလှကာ အနီးကပ် ကြည့်လိုက်လျှင် ကြယ်အသေးစား တစ်လုံးနှင့်ပင် တူနေသည်။

လင်းဖုန်းက ရယ်လိုက်ကာ ပြောလိုက်သည်။ "ကဲ၊ ဝင်သွားကြစို့"

ဇူရီ၊ လီယွမ်ဖန်း၊ ကျဲယုနှင့် ပိုင်ကွမ်းတို့သည် သူတို့၏ ခေါင်းများကို ညိတ်လိုက်ကြကာ လင်းဖုန်း၏ အနောက်မှလိုက်၍ အလင်းတန်း စက်လုံးအတွင်းသို့ ဝင်သွားကြသည်။

ထိုအလင်းတန်း စက်လုံးကြီးသည် ဧရာမ လေဟာနယ် ပုံရိပ်ယောင် တစ်ခုဖြစ်၏။ လင်းဖုန်းသည် သူ့အတွင်းသို့ ရောက်သွား၍ ဘေးသို့ ကြည့်လိုက်သောအခါ ဇူရီနှင့် ကျန်သောသူများအား မတွေ့ရတော့သည်ကို ချက်ချင်း သတိထားမိလိုက်သည်။

"ကောင်းပြီလေ။ မင်းရဲ့ လေဟာနယ် ပုံရိပ်ယောင်က ဘယ်လောက်အထိ လျှို့ဝှက်ပြီး ထူးခြားဆန်းကြယ်သလဲ ဆိုတာကို ကြည့်ကြတာပေါ့" လင်းဖုန်းသည် သူ၏ လက်များကို ကျောနောက်တွင် ပစ်ထားလိုက်ပြီး အရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

သူ၏အရှေ့မှ အရာအားလုံးတို့သည် မျက်စိကျိန်းလောက်သော အဖြူရောင် အလင်းတန်းများဖြစ်၍ ဘာကိုမှ ကောင်းကောင်း မမြင်နေရချေ။ လင်းဖုန်းသည် ဘာမှ မပူပန်နေခဲ့ပဲ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ လျှောက်သွားခဲ့သည်။

ရုတ်တရက်ပင် အဖြူရောင် အလင်းတန်းများက ပျောက်ကွယ်သွားခဲ့ပြီး လူသားပုံရိပ် တစ်ခုက ပေါ်လာခဲ့ကာ လင်းဖုန်းထံ လျှောက်လာခဲ့သည်။ သူသည် ရှောင်ယန်၏ အုပ်စုအတွင်းတွင် ရှိနေခဲ့သော ယန်ချင်ပင် ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicodeحيث تعيش القصص. اكتشف الآن