မနက်နေရောင်စူးစူးက မျက်နှာပေါ်ကျရောက်လာသည့်အခါ ရှောင်းကျန့်မျက်ခွံများဖြည်းဖြည်းချင်းပွင့်လာရသည်။ မျက်လုံးပွင့်ပွင့်ချင်းနေရောင်ကိုမြင်နေရတာသူ့အတွက်နည်းနည်းထူးဆန်းလို့နေ၏။စက္ကန့်ပိုင်းအတွင်းရှောင်းကျန့်မျက်လုံးများသာမန်ထက်ဝိုင်းစက်သွားကာ အိပ်ခန်းနံရံပေါ်မှ နာရီကိုလှမ်းကြည့်လိုက်သည်။
သူ့အမြင်တွေမမှားဘူးဆိုရင် နာရီလက်တံက ၈ နာရီထိုးဖို့ ၁၅ မိနစ်အလို။ ရှောင်းကျန့်သူ့မျက်လုံးများကို ကြည်လင်သွားအောင်ပွတ်သပ်လိုက်ပြီး နာရီပြန်ကြည့်လိုက်တော့လည်း တကယ်ကို ၈ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တာဖြစ်သည်။
ရှောင်းကျန့် အိပ်ရာပေါ်မှ ထလိုက်ကာ ရေချိုးခန်းထဲဝင်၍ အမြန်ဆုံးနည်းဖြင့်ကိုယ်လက်သန့်စင်လိုက်ကာ သင့်တော်သည့်အဝတ်အစားများကို လဲယူလိုက်သည်။ အရင်လို အချိန်ယူ၍ပြင်ဆင်ဖို့အချိန်နည်းနည်းမှကိုမရှိတော့။
သူ့စာတမ်းတင်ပြရမယ့်အချိန်က မနက် ၉ နာရီခွဲတိတိမှာဖြစ်တဲ့အတွက်ကြောင့် အမှန်ဆိုသူ့အနေနဲ့စောပြီးတော့တောင်ရောက်နေရမှာ။ သူဘယ်လိုတောင် စိတ်ချလက်ချအိပ်မိသွားတာလဲ။
အမြဲတမ်း နှိုးစက်မမြည်ခင်ထတတ်တဲ့သူက ဒီနေ့နှိုးစက်သံတောင်မကြားမိတာလား။ ဒါလည်းမဖြစ်နိုင်ဘူး။ အအိပ်ဆတ်လွန်းတဲ့သူ့အဖို့ နှိုးစက်သံမကြားဘူးဆိုတာ လုံးဝကိုအဓိပ္ပာယ်မရှိ။
ရှောင်းကျန့် အတည်ပြုချင်တာကြောင့် နာရီနှိုးစက်ကိုကြည့်လိုက်သည့်အခါ သူ့မျက်လုံးတောင်သူမယုံ။ ဘာကြောင့် သူက မနက် ၇ နာရီနဲ့ ည ၇ နာရီကို မှားပြီး နှိုးစက်ပေးမိတာလဲ။ အဲ့လောက်တောင် သတိလက်လွတ်နိုင်ရတာလား။ မနေ့ကကော်ဖီတွေအများကြီးသောက်မိသွားလို့မျက်စိကြောင်ပြီးမှားပေးမိတာလား။
"ကျစ်..."
ရှောင်းကျန့် ဘယ်လိုမှတွေးလို့မရတာကြောင့် ဆက်တွေးမနေတော့ဘဲ မနေ့ကတည်းက ပြင်ဆင်ပြီးသားဖြစ်သည့် သူ့လက်ဆွဲအိတ်ကိုဆွဲယူကာ အိမ်ပြင်သို့ထွက်လာတော့သည်။ ဓာတ်လှေကားဘက်ကိုလည်း မပြေးရုံတမယ်လျှောက်လို့သွားကာ လက်ကနာရီကို တကြည့်ကြည့်ဖြင့် စိုးရိမ်စိတ်တွေမြင့်လာရသည်။