ဆူးတွေကိုမှ ချစ်ပါတယ်ဆိုတဲ့ ငြိမ်း..
ငါ့ကိုယ်ငါ ရေလောင်းပေါင်းသင်ပြီး
ငြိမ်းရှိရာမြို့ကလေးဆီ မျက်နှာမူပြီး နိုးထမယ်..။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်မအသက် ၁၀ နှစ်။
ကျောင်းဆရာမဖြစ်တဲ့ မေမေ့ရဲ့တာဝန်ကျရာ နယ်မြို့လေးဆီ ကျွန်မတို့သားအမိတွေပြောင်းလာကြတယ်။ နေရမဲ့ရပ်ကွက်လေးက ဆိတ်ငြိမ်တာကို မေမေကပြောနေပေမဲ့ ကျွန်မကတော့ ခြံကျယ်ရဲ့လားဆိုတာကိုပဲ စိတ်ဝင်စားတယ်။ ကျွန်မက ကစားမက်တယ်လေ။ကံကောင်းခြင်းလေးက ကျွန်မဆီခုန်ပစ်ဝင်လာတယ်။ နေရမဲ့ တစ်ထပ်တိုက်လုံးကျဉ်းနဲ့ ခြံလေးကကျယ်သလို ဘေးခြံမှာလည်း ကျွန်မနဲ့ ရွယ်တူကောင်မလေးတစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ့လိုက်ရတဲ့ ကျွန်မက သိပ်ကိုပျော်သွားပါတယ်။
အိမ်လေးကိုရောက်တဲ့ ၅ရက်မြောက်နေ့မှာတင် မေမေ့ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကောင်မလေးနဲ့ ကျွန်မ သူငယ်ချင်းဖြစ်ခွင့်ရတယ်။ ကျွန်မရဲ့ ဂျီကျမှုအပေါင်းကို မေမေမခံနိုင်တော့တာကြောင့်လဲပါတာပေါ့လေ။ ကောင်မလေးနာမည်က ငြိမ်း တဲ့။ နာမည်တစ်လုံးတည်းရှိတဲ့သူတွေကို နှစ်သက်တဲ့ ကျွန်မက ငြိမ်းကိုလည်း အားကျတယ်။ သဘောကျတယ်။ ခင်တွယ်မိတယ်။
ငြိမ်းက သိပ်သဘောကောင်းတာပဲ။ သူ့မှာရှိတဲ့အရုပ်တွေကို ကျွန်မဆီယူလာပေးတယ်။ အင်္ကျီဝတ်ပေးရတဲ့ စက္ကူအရုပ်မလေးတွေကို ငြိမ်းကြောင့်ပဲ ပထမဆုံးထိတွေ့ဖူးခဲ့ပါတယ်။
“ နင်ကြိုက်ရင် ငါအများကြီးထပ်ဝယ်ပေးမယ် ”
ငြိမ်း ပြောလိုက်တဲ့စကားလေးကြောင့် ကျွန်မပျော်နေလိုက်တာများ မေမေတောင်မေးရတဲ့အထိပဲ။ ငြိမ်းနဲ့အတူတူဆော့ဖို့ မေမေဝယ်ထားပေးတဲ့ အိုးပုတ်နဲ့ ချိန်ခွင်လေးတွေလိုက်ရှာရင်း တစ်ညနေလုံးအချိန်ကုန်သွားတာကို ငြိမ်းသိရင်လဲ ပျော်နေမှာအသေချာပါပဲ။
~~~~~~~~~~ ~~~~~~~~~~ ~~~~~~~~~~ ~~~~~~~~~~
ကျွန်မအသက် ၁၂ နှစ်။
ကျွန်မနဲ့ ငြိမ်းဟာ ဆဌမတန်းကိုရောက်လာပြီ။ ဒီနေ့က ပထမဆုံးကျောင်းတက်ရက်လေးပေါ့။ ကျောင်းနဲ့သိပ်မဝေးတဲ့ အိမ်လေးကနေ မေမေရယ်.. ကျွန်မရယ်.. ငြိမ်းရယ် အတူတူ လမ်းလျှောက်ပြီးထွက်လာကြတယ်။ ဆင်တူကျောပိုးအိတ် ၊ ထမင်းဘူးဆင်တူ ၊ ထီးကလေးဆင်တူနဲ့ ကျောင်းတက်ရမဲ့ အခုလိုအချိန်ကို ကျွန်မ တစ်နွေလုံးစောင့်နေခဲ့ရတာ။
YOU ARE READING
ငြိမ်း ( one shot )
Short Storyငါက လေနဲ့အတူပါလာတဲ့ ရွက်ဝါလေးမဟုတ်ပေမဲ့ နင်နဲ့ဝေးရာကို လွင့်မျောနိုင်စွမ်းရှိပါတယ်။ ငါ့ကိုဝေးဝေးပို့မဲ့ လေညင်းကလေးကတော့ နင်ပဲဖြစ်ပါစေပေါ့။