ကော်ဖီတစ်ခွက်။
ကျွန်တော်ဟာ ကော်ဖီခွက်ကိုလက်က ကိုင်လို့
ပြတင်းပေါက်ကို ငေးကြည့်နေတယ်။မိုးရေစက်တွေနဲ့ ခေါင်မိုးနဲ့ထိတဲ့အသံကြောင့်
ဆူညံနေပေမယ့် ကျွန်တော်သဘောကျတယ်။
ဒီလိုရာသီဆိုတာ သိပ်ကိုဆွေးလို့ကောင်းတယ်
မဟုတ်လား။မိုးတိမ်တိမ်မည်းမည်းတွေ အုံ့မှိုင်းနေကတည်းက
ကော်ဖီခါးခါးတစ်ခွက်ကို အဆင်သင့်
ဖျော်ထားမယ်။အလင်းရောင် သိပ်မရှိတဲ့
အခန်းလေးထဲမှာ Classic Musicတစ်ချို့ကို
တိုးတိုးလေးဖွင့်ထားပြီး ဆိုဖာပေါ်မှာ ကျောမှီပြီး
ထိုင်နေမယ်။ကျွန်တော့်ရဲ့မျက်လုံးအစုံကတော့ ပြတင်းပေါက်
အပြင်ဘက်ကို ငေးကြည့်နေလျက်နဲ့ပေါ့။ဒိီလိုရာသီတွေဆိုရင် လူအများက သူတို့ရဲ့အတိတ်တွေကို တွေးပြီးဆွေးနေတတ်ကြပေမယ့်
ကျွန်တော်ကတော့ ပစ္စပ္ပုန်က လူတစ်ယောက်ကို
သဲသဲမဲမဲရှာလျက်ပဲ။ကျွန်တော် သူ့ကိုရှာတိုင်းအိမ်ကလူတွေက
ထူးဆန်းတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်လေ့ရှိကြတယ်။ဒါက မထူးဆန်းတော့ပါဘူး။
ကျွန်တော့်သူ့ကိုရှာနေခဲ့တာ အတော်အတန်
ကြာခဲ့ပြီလေ။ပျံ့လွင့်နေတဲ့စိတ်တွေကို စုစည်းရင်း တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျွန်တော်ဟာ ပြတင်းပေါက်ကို အလျင်စလို
ဖွင့်လိုက်မိတယ်။လေဟာ ကြမ်းလှပါလား။
ပြတင်းပေါက်ကတဆင့် အလုံးအရင်း
ဝင်ရောက်လာတဲ့ လေတွေနဲ့ မိုးစက်တွေဟာ
ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း
တိုက်ခတ်သွားတယ်။တဟူးဟူးတိုက်ခတ်နေတဲ့ လေတွေကြောင့်
ကျွန်တော်အေးလာတယ်။ကျွန်တော့်အက်ျီစတွေဟာလည်း လေနဲ့အတူတူ တလွင့်လွင့်နဲ့။အိမ်ရှေ့က လမ်းပေါ်မှာတော့ လူတစ်ချို့
ဖြတ်သန်းသွားနေကြတယ်။မပြီးပြတ်နိုင်တဲ့
ဘဝခရီးအတွက် မိုးသည်းသည်းမှာလည်း
ထီးကိုယ်စီနဲ့ပေါ့။ကျွန်တော် ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်း
ကျွန်တော့်မျက်လုံးထဲကို ထီအဝါလေး
တစ်လက်ဖြတ်သွားတယ်။