" ဂလောက်....ကျွီ....."
မဲမှောင်နေသည့် ရဲတိုက်ပုံစံအိမ်ကြီးသည် လင်းထင်းနေသည့်နေ့ခင်းဖက်ဆိုလျှင်တောင် ချောက်ချားစရာကောင်း မည့်ပုံပင်။ ယခုအချိန်သည် ညီအစ်ကိုမသိတသိအချိန်ဖြစ်၏။ Lucas အသင့်ယူလာသည့် သော့တံဖြင့် စံအိမ်တံခါးမကြီးကို ဖွင့်ချလိုက်သည်။ ဆီခမ်း ခြောက်နေသည့် တံခါးပတ္တာများကြောင့် သံရှည်စွဲပြီး ခိုင်ခံလှသည့် တံခါးမကြီးသည် တအိအိပွင့်၍ သွား၏။
အပ်ကျသံမျှပင် ကြားနိုင်လောက်သည့် တိတ်ဆိတ်နေသည့်ဤနေရာကြီးမှာ တံခါးမြည်သံကြီးသည် မကောင်း ဆိုး၀ါးတစ်ကောင် အံကျိတ်သံအလား ကြက်သီးထဖွယ်ကောင်း၏။ Lucas မကြောက်တတ်၍သာတော်တော့၏။
"ကြိုဆိုပါတယ် Lucas "
အိမ်ကြီးထဲသို့ Lucas ခြေတစ်လှမ်းစ၀င်လိုက်သည်နှင့် ထွက်ပေါ်လာသည့်အသံကြောင့် လန့်ဖျတ်သွားကာ ခြေနှစ်လမ်းလောက် အလိုအလျောက်နောက်ဆုတ်သွားမိသည်။ ရုတ်တရက်မို့လန့်သွားခြင်းပင်။
" ခင်..ဗျား ဘယ်သူလဲ၊ ဘာလို့ ခင်ဗျားကို မမြင်ရတာလဲ။"
Lucas ထိတ်လန့်စွာမေးလိုက်၏။ လူရိပ်လူယောင်ပင်မမြင်ရပဲ အသံသာကြားလိုက်ရသောကြောင့်ဖြစ်သည်။ သေချာသည်က ထိုအသံက မိမိအနားမှာပြောနေသကဲ့သို့ပင်။
"မကြောက်ပါနဲ့ ၊ ကျွန်တော်က Ivan ပါ။ မင်းရဲ့ ရှေ့တည့်တည့်မှာ ရှိနေပါတယ်။ မင်း မမြင်ရတာကလွဲရင် ကျွန်တော်ကလည်း မင်းလို လူသားတစ်ယောက်ပါပဲ။"
...................
Lucas ဟာ တိတ်ဆိတ်သည့်ဧည့်ခန်းအတွင်း သူမမြင်ရသည့် Ivan ဆိုသည့်လူ၏စကားများကို ငြိမ်သက်စွာ နားထောင်နေမိသည်။ ရုပ်မမြင်သံကြားကဲ့သိုပင်။ Ivan ပြောပြချက်အရ သူ ငါးနှစ်သားအရွယ်မှစ၍ သည်အိမ်ကြီးထဲမှာ မိခင်နှင့်အတူ ကျိန်စာမိပြီး ပိတ်မိနေခဲ့တာဖြစ်သည်။ ထိုစဥ်က Lucasလူ့လောကထဲပင် မရောက်သေးသည့် အချိန် ဖြစ်၏။
ယခုဆို ဒီအိမ်ကြီး၌ Ivan ပိတ်မိနေခြင်းသည် Lucas တစ်သက်မက ရှိပြီဖြစ်သည်။ Ivan၏မိခင်သည်လည်း ထိုအိမ်ကြီးထဲ၌ပင် သူ ၁၅နှစ်သားအရွယ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ Lucas ၏မိဘများသည် စံအိမ်ကြီး၏ ယုံကြည် စိတ်ချရသည့် သစ္စာခံလူယုံများဖြစ်ကြသည်ဟုဆို၏။
YOU ARE READING
Magical Love
Short StoryReview တွေအများကြီးမပြောတော့ဘူး။ သဘာ၀လွန်ဖြစ်ရပ်ဆန်းများကို စိတ်၀င်စားမယ်ဆိုရင် ၀င်ဖတ်ကြည့်လိုက်ပါ။ စိတ်ကျေနပ်မယ်ဆိုရင် တစ်ခုခုပြောခဲ့ပေးပါ၊