Unicode
“မောင်”
မြတ်နိုးစွာ ခေါ်ခဲ့ဖူးသော အမည်နာမလေးတစ်ခု။အသက်အရွယ်ကြောင့်မဟုတ်ပဲ သူစေရာကိုခေါ်ခဲ့ရုံကစလို့ နှလုံးသားတစ်စုံကပါ လိုက်ပါစီးမြောခဲ့သော အမည်နာမ။မောင့်နာမည်က "နေရီမောင်"။
မောင်ဟာ အမျိုးသမီးတစ်ယောက်။ ငါ့ရဲ့သူငယ်ချင်းဖြစ်ခဲ့တဲ့ အမျိုးသမီးငယ်။ သူဟာ ငယ်စဥ်ကတည်းက သူ့ကိုယ်သူ"မောင်"လို့ခေါ်စေတယ်။"မောင်"
"အင်းပြောလေ"
"နင့်မှာ ချစ်သူရလာရင် ဒီလိုကြီး ငါမခေါ်တော့ဘူး"
"ဘာကိစ္စကြောင့်လဲ နင်တစ်ယောက်ပဲ ခေါ်ရမှာလို့ ငါပြောပြီးပြီပဲ"
"ခက်တယ် မောင်ရယ်"
မောင်က ဒါဆို ငါ့ဘက်ကငြင်းရိုးထုံးစံမရှိခဲ့။ ဘာကြောင့်ဆိုတာလဲ ငါမသိရှိ။ မောင်ပျော်ရင် ငါပါအလိုအလျောက် ပျော်နေရတာပါပဲ။သို့သော်ငြား မောင့်ကို ငါက ဘယ်သောအခါမှ မပိုင်ခဲ့ဖူးပေ။
"ခေတ်..ခေတ်ယွန်း"
မောင့်ခေါ်သံမှန်းသိရတော့ ငါရဲ့ ခြေလှမ်းတို့က မောင့်အသံလားရာဆီ ဦးတည်မိလျက်သား။မျှော်လင့်မိသော မောင်တစ်ယောက်တည်းရဲ့ပုံရိပ်အစား မောင့်နံဘေးဝယ် အမျိုးသမီးငယ်တစ်ယောက်လက်ချင်းယှက်ထားပဲထောက်ရင် ဒါဟာ....
"မောင်"
နှုတ်ဖျားမှလေသံသဲ့သဲ့နှင့် ထွက်ကျလာတဲ့ အမည်လေးက တစ်ကိုယ်ရည်ကြားရုံမျှသာ။
မောင်ဟာ ထိုမိန်းကလေး၏ လက်ကိုဆွဲကာ ငါ့ဆီသို့တစ်လှမ်းချင်း။ မောင်နဲ့ငါက သူငယ်ချင်းထက်လည်းမပိုပါပဲ ငါကဆုံးရှုံးရမှာ ကြောက်တယ်ဆိုရင် ဒါဟာပိုနေလောက်မလား။ ဘယ်တော့မှ မပိုင်ဖူးခဲ့တဲ့လူကို ဆုံးရှုံးရမှာကြောက်တယ်ဆိုတော့လေ။"ခေတ် နင့်ကို မိတ်ဆက်ပေးချင်လို့"
"အင်း ပြောလေ"
အယောင်ယောင်အမှားမှားဖြစ်နေခဲ့ရင်တောင် မောင့်ရှေ့မို့ ငါဟန်ဆောင်နေခဲ့ပါတယ်။တစ်ဖက်မိန်းကလေးကတော့ ပြုံးပြနေရှာတယ်။ တုန့်ပြန်မှုတွေက မောင့်ရှေ့ဆို နှေးတတ်စမြဲ။ ဒီတစ်ခါတွင်တော့ ငါဟာ သိပ်သွက်နေခဲ့တယ်။ မောင်မျက်နှာပျက်မှာ စိုးတာကြောင့်နဲ့တူပါရဲ့။