ဒေါ်အေးစိုး၏ မင်္ဂလာသတင်းသည် တစ်ရက်ကွက်လုံးသို့ ဟိုးလေးတကျော် ပြန့်နှံ့ကုန်သည်။လူတကာ နေရာတကာ ပြောလွန်း၍ တစ်ဖက်ရပ်ကွက်ကလူတွေကတောင် သိနေပြီ။
မိန်းမများစုဝေးရာ မုန့်ဟင်းခါးဆိုင်၊
ယောင်္ကျားစုဝေးရာ လက်ဖက်ရည်ဆိုင်တို့၌ ယနေ့၏ ခေတ်အစားဆုံးသတင်းမှာ အပျိုကြီးဒေါ်အေးစိုး၏ မင်္ဂလာသတင်းသာဖြစ်သည်။" ညည်းသိပြီးပြီလား "
မုန့်ဟင်းခါးဆိုင်ရှင်အေးမိက လာစားသမျှလူတွေကို ဈေးရောင်းရင်း ကုသိုလ်ပြုသည့်အနေဖြင့် နားအရသာခံရန် သိသိသမျှသတင်းတို့အား မနားတမ်းဖောက်သည်ချသည်။
" ဒေါ်အေးစိုးကြီးအကြောင်းလား "
" အေးပေါ့အေ။ဘာရှိသေးလို့တုန်း "
" ဒီအကြောင်းဆိုပြောမနေပါနဲ့တော့။အကုန်သိပြီးပြီ။လူတိုင်းသိပြီးပြီ "
" အေ့ဟယ်။ငါတော့ ကြားကြားချင်း မျက်လုံးတောင်ပြူးရော "
တစ်ခြားစားသုံးသူများကလည်း ခေါင်းငြိမ့်ကာ သူတို့ပါ အံ့ဩကြောင်းထောက်ခံကြသည်။
" တစ်ခါသူပြောတာမှတ်မိပါသေးတယ်။ကျားဆိုဘယ်ကျားမှမကောင်းဘူး အပူကောင်တွေတဲ့။ငါ့နှယ် သူပြောခဲ့ဖူးတဲ့ အပျိုကြီးတရားတွေ ပြန်ကြားယောင်ပြီး ရီလိုက်ရတာအေ "
" အေ့ပေါ့ သူ့အပြောနဲ့သူတော့ညီပ။ကျားဆိုဘယ်ကျားမှမကောင်းတော့ မ ကိုယူသွားတာနေမှာပေါ့ "
အကုန်လုံးက ဝါးခနဲပွဲကျသွားသည်။
ထိုအချိန် မုန့်ဟင်းခါးဆိုင်ရှေ့မှ စိမ့်စိမ့်တစ်ယောက် သူ၏မျက်နှာကို ဈေးခြင်းကောင်းကွယ်ကာ ဆိုင်ရှေ့မှ ဖြတ်လေသည်။သို့သော် မုန့်ဟင်းခါးဆိုင်ရှင် အေးမိက မြင်ဖြစ်အောင်မြင်သွားသေးသည်။
" စိမ့်စိမ့်ရေ။ ဒေါ်အေးစိုးကြီး မင်္ဂလာပွဲအတွက်ပြင်နေတာလားအေ့။ရပ်ကွက်ထဲလေးကြွခဲ့ပါဦး ယောင်္ကျားတွေမကောင်းတဲ့အကြောင်း အတင်းလေးဘာလေးပြောရအောင်ပါလို့ သတို့သမီးကြီးကို ပြောလိုက်စမ်းပါအေ "
YOU ARE READING
အပျိုကြီးမင်္ဂလာဆောင် <One Shot >