Unicode
နံနက် ကိုးနာရီ မထိုးခင်ဆယ်မိနစ်အလိုတည်းက ဂျောင်ဂု MODAE Cafeteria ၌ထိုင်စောင့်နေသည်။ သောက်နေကြ latte တစ်ခွက်မှာထားပြီးအပြင်ဘက်မှာသွားလာလှုပ်ရှားနေကြသည့်လူတွေရဲ့ပုံရိပ်တွေကို ဘာရယ်မဟုတ်ထိုင်ကြည့်နေမိ၏။
ခဏအကြာ ဆိုင်တံခါးတွင်ချိတ်ဆွဲထားသော ခေါင်းလောင်းလေးက တစ်စုံတစ်ယောက်ဝင်လာကြောင်းအသံပြုသည်။ လည်သာအိတ်အညိုရောင်လေးကိုဘေးတစ်စောင်းလွယ်ထားသည့် ကင်မ်ထယ်ယောင်းက ဆိုင်အတွင်းသို့ဝေ့ဝဲကြည့်နေတာမို့ သူ့ကိုရှာနေမှန်းဂျောင်ဂုသဘောပေါက်သဖြင့် လက်တစ်ဖက်မြှောက်ပြလိုက်၏။
တစ်လှမ်းချင်း လှမ်းလာပြီး ဂျောင်ဂုရဲ့စားပွဲပေါ်သို့ ခေါက်လျက်သား သခွားစိမ်းရောင်လက်ကိုင်ပုဝါလေးကို တင်ပေးလာသည်။
“ထိုင်ပါအုန်း ကျွန်တော်ကော်ဖီတိုက်ပါ့မယ်”
ဂျောင်ဂုက အပေါင်းအသင်းဆံ့သည့်အတွက် စကားပြောရာမှာလည်း ရည်ရည်မွန်မွန်ဖြင့်သွက်လက်သည်။ ဆိုင်မှာ ဧည့်သည်တွေကိုတစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဝန်ဆောင်မှုတွေပေးရတာမို့ သူစိမ်းတစ်ယောက်နှင့်တောင် အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်တဲ့အရည်အချင်းရှိ၏။ ထယ်ယောင်းကို သူ့ဘက်ကစပြီး ရင်းနှီးအောင်ကြိုးစားသည်။ သို့သော်….
“အကူအညီပေးတာကျေးဇူးတင်ပေမယ့် ငါတို့က ကော်ဖီအတူထိုင်သောက်ရလောက်အောင်အထိမရင်းနှီးကြဘူးထင်တယ်”
အေးစက်သည့် ထယ်ယောင်းရဲ့ တုံ့ပြန်ချက်အပေါ် ဂျောင်ဂုကမျက်နှာတစ်ချက်ပျက်မသွားပေ။ ခပ်ပြုံးပြုံးမျက်နှာဘေးက တမင်ရွဲ့နေသလားဟုထင်ရလောက်အောင်ပင် စိတ်သဘောထားကြီးပြနေသည်။
“ဒါဆို အခုချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်းလုပ်ရင်ဖြစ်တာပဲမဟုတ်လား”
ထယ်ယောင်းက သက်ပြင်းတစ်ချက်ချသည်။ စားပွဲပေါ်သို့ လက်တစ်ဖက်ထောက်ထားပြီး ခါးအနည်းငယ်ကိုင်း၍ ဂျောင်ဂုမျက်နှာနားသို့တိုးသွားလိုက်၏။
“မိတ်ဆွေအသစ်ဖွဲ့ရတာမျိုးတွေ ငါမကြိုက်ဘူး”
နီးကပ်သွားစဉ် ရှုရှိုက်လိုက်မိသည့် vanilla ရနံ့လေး။ စကားကို ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားသည့်ကျောပြင်ကိုငေးကြည့်နေမိသည်။
ထူးဆန်းတယ်။ ကင်မ်ထယ်ယောင်းကသိပ်ကိုထူးဆန်းတယ်။ ကွယ်ဝှက်ထားတဲ့ သူ့ရဲ့ပုံစံအစစ်အမှန်ကဘာဖြစ်နိုင်မလဲ။