၂၇၃။ “အကိုဟွာ - ၂”
ကျောက်ချူက လည်ချောင်းရှင်း၍ ကြောက်လန့်တကြား ရှင်းပြသည် “အကိုဟွာ, မင်း ငါ့ကို နည်းနည်းလောက် ယုံကြည်ပေးပါလား၊ ငါ ဂျန်ရှီကို တိမ်ထူတောင်ထွတ်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရတာ၊ ငါတို့ နှစ်ယောက်လုံး ချင်းယန်ကလန် တပည့်ဖြစ်ဖို့ အမည်စာရင်း တင်သွင်းခဲ့ကြတာ၊ တိမ်ဖုံးတောင်ထွတ်က ညနက်လေ အန္တရာယ်များလေ ဆိုတာကို မင်းလည်း သိတာပဲ၊ သူ့ကို အဲမှာ တစ်ယောက်တည်း ထားပစ်ခဲ့ရင်, အန္တရာယ်တောထဲ ကျရောက်သွားမှာပေါ့။”
ချောမောသည့် လူငယ်၏ မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ သူက ဂျန်ဝုရှီဘက်သို့ လှည့်ကာ ပြောသည် “ငါ့နာမည်က ဟွာယောင်း၊ ငါတို့ရဲ့ ငတုံးကောင် ကျောက်ချူက မင်းအကြောင်း အရင်က ငါတို့ကို ပြောထားဖူးတယ်၊ ငါတို့ ဒီနေရာမှာ တွေ့ရမယ်လို့ မထင်မိကြဘူး၊ ဒီနေရာမှာ တွေ့ရတာ အချိန်မှန်လည်း မဟုတ်သလို နေရာမှန်လည်း မဟုတ်ဘူး၊ နို့မို့ဆို ငါတို့ မင်းကို ဒါ့ထက် ပိုပြောနိုင်မှာ။”
ဟွာယောင်း၏ လေသံက ယဉ်ကျေးသည်။ သူ့လေသံက မြန်လည်း မမြန်သလို နှေးလည်း မနှေးပေ။ ကြားရသူများ၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သည်။ သို့သော် သူ၏ ဆွဲဆောင်အားကောင်းသည့် မျက်နှာနှင့် အေးစက်စက် အမူအရာက မလိုက်ဖက်လှပေ။
“ကျောက်ချူ ငါတို့ကို ပြောထားသလို ဆိုရင်, မင်းက ချင်းယန်ကလန်ကို လာစရာတောင် မလိုဘူး၊ ဒီတော့ နောက်ကွယ်က အကြောင်းတရားရှိနေလို့သာ မင်းလာတာ ဖြစ်ရမယ်၊ တိမ်ဖုံးတောင်ထွတ်က လုံခြုံစိတ်ချရတဲ့ နေရာ မဟုတ်ဘူး၊ ဒါကိုတော့ မင်း မှတ်ထားပေါ့၊ ခဲချန်ဂျုနဲ့ ဝေးဝေးသာ နေချေ၊ သူ ဂရုစိုက်အောင် ဘာမှ မလုပ်နဲ့၊ တပည့်ကြီးတွေက ခဲချန်ဂျုကို တစ်ယောက်တည်း တွေ့ဖို့ ပြောလာလည်း မင်း သွားမတွေ့နဲ့၊ သူပေးတဲ့ ဆေးတို့ သက်စောင့်ဆေးတို့ ဆိုတာကိုလည်း မူရင်း မသိရင် မယူနဲ့... မင်း တတ်နိုင်ရင်, သူ့ဆီကနေ ဘာမှ မစားမိစေနဲ့။” သူ၏ ပြေလျော့သွားသည့် မျက်မှောင်က နောက်တဖန် ကုတ်လာပြန်သည်။