💜 မီ 💜 {Unicode}
ကျွန်မကလေ သူမကို သိပ်သဘောကျတာ။
ရယ်သံလေးကအစ အရိပ်လေးအဆုံး သူမနဲ့သက်ဆိုင်သမျှ အရာရာကို သိပ်မြတ်နိုးတာ။
သူမရဲ့ အမည်နာမလေး တစ်လုံးက 'မီ' တဲ့လေ။ မီကလေ သိပ်လှတာ။
မီ့မှာ ရှည်လျားနက်မှောင်နေတဲ့ ဆံနွယ်ရှည်တွေရှိတယ်။
ကော့စင်းနေတဲ့ မျက်တောင်ရှည်တွေလည်း ရှိတယ်။
ဝိုင်းစက်ပြီး ကြည်တောက်နေတဲ့ မျက်ဝန်းတစ်စုံရှိတယ်။
နှာတံ စင်းစင်းလေးလည်း ရှိတယ်။
ဖြူဥပြီး နူးညံ့အိစက်နေတဲ့ ပါးမို့မို့လေးတွေရှိတယ်။
ပါးပြင်နုနုလေးပေါ်မှာ မီပြုံးလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်လှလှလေး နှစ်ခုလည်း ရှိတယ်။
နီရဲနေတဲ့ မထူမပါး နှုတ်ခမ်းလေးတစ်စုံရှိတယ်။
ကျွန်မ မလိမ္မာတိုင်း ဖွဖွလေး ကျောကိုရိုက်တတ်တဲ့ လက်လှလှလေးတွေလည်း ရှိတယ်။
ပြီးတော့ မီ့မှာ အမျိုးသားလို့ခေါ်တဲ့ သူမရဲ့ ကာမပိုင် ယောက်ျားလဲ ရှိတယ်လေ။ ၄ နှစ်အရွယ် သားလေး တစ်ယောက်လဲ ရှိတယ်။
မီ့ကို မီလို့သာ ခေါ်ရတယ် ငရဲကြီးမှာတော့ကြောက်သား။
ကြောက်ဆို မီက ကျွန်မရဲ့ ဆရာမလေ။
ဆရာမဆိုတော့ ကျွန်မထက် အသက် ထက်ဝက်လောက်တော့ ကြီးတာပေါ့။ ကျွန်မက ၁၆၊ မီက ၃၃တဲ့။
မီ့ကို သူမရဲ့အစ်မဖြစ်တဲ့ ကျွန်မတို့ကျောင်းက ဆရာမဒေါ်ချိုချိုသွယ်ဆီကို လာရင်းကနေ စတွေ့ဖူးခဲ့တာပေါ့။
အဲ့တုန်းကလေ မီက ကုတ်အဖြူလေးနဲ့ ပြီးတော့ အရပ်ဝတ်လေးနဲ့လာတာ။
အတိအကျပြောရရင် ခရမ်းရောင် ပါတိတ်ဝမ်းဆက်လေးနဲ့ပေါ့။
ဆရာမဒေါ်ချိုချိုသွယ်က ကျွန်မတို့အခန်းကို ဝင်နေတာဆိုတော့ မီကလည်း ကျွန်မတို့အခန်းရှေ့ကိုရောက်လာတာပေါ့။
မမ လို့ခေါ်လိုက်တဲ့ သူမအသံလေးကလေ သိပ်ကိုချိုသာတာ။
ကျွန်မလည်း အသံကြားလို့ အခန်းရှေ့ကို ကြည့်လိုက်မိတော့ ကျွန်မအကြိုက်ဆုံး ခရမ်းရောင်လေးကို ဝတ်ထားတဲ့ သူမက ကျွန်မရဲ့ စိတ်အာရုံအစုံကို ဖမ်းယူသွားခဲ့တယ်လေ။