Luo Wenzhou ကအချိန်အကြာကြီး ငြိမ်သက်တိတ်ဆိတ်နေလေသည်။ Fei Du သည် မေးကိုမော့ကာ သူ့အားတစ်ချက်လှမ်းကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
Luo Wenzhou သည် သူ့ကိုကြည့်လိုက်ရင်း Fei Du သည် သူ့တွေ့ခဲ့ဖူးသမျှ အခြားသူများနှင့် မတူကြောင်းကို စဉ်းစားရင်းဖြင့် အတွေးနယ်လှည့်နေမိသည်။
ဟန်ဆောင်မှုကင်း၍ရိုးသားသော ငယ်ရွယ်စဉ်အခါသည် သန့်စင်ကြည်လင်သော ပလတ်စတစ်ပုလင်းတစ်ခုနှင့် တူပါသည်။ အကြည့်တစ်ချက်ဖြင့် ပုလင်းထဲမှအရာသည် ရိုးရိုးသာမန်သစ်သီးဖျော်ရည်လား Coke အချိုရည်လားဆိုသည်ကို သိနိုင်ပေ၏။ နက်နဲလှစွာသောအတွေးများစွာတို့ဖြင့် အသက်ကြီးရင့်လာသည့်အခါတွင်မူ အနက်ရောင်အရည်များပါရှိသော အအေးဓာတ်တို့ဖြင့် ဝေဝါးမှုန်ရီအောင် ဖုံးလွှမ်းနေပါသည့် ဖန်ပုလင်းနှင့်တူလေသည်။ ပုလင်းကိုဖွင့်၍ အနံ့ကိုရှုရှိုက်ခြင်းမပြုလျှင် ထိုအရာက ပဲငံပြာရည်လား ရှာလကာရည်လား သိနိုင်ဖို့ ခဲယဉ်းပေမည်။
သို့သော်လည်း Fei Du ကဤကဲ့သို့မဟုတ်ပါ။ သူသည် မတူညီသော အတွင်းဘက်ထောင့်တိုင်းတွင် သေးငယ်လှသည့် ဖန်စပေါင်းထောင်ချီဖြင့် ယှဉ်တွဲထားသော ကယ်လီဒိုစကုပ်တစ်ခုနှင့် ပို၍တူပါသည်။ ဖြတ်သန်းဝင်ရောက်လာကြသည့် အလင်းတန်းများက မရေမတွက်နိုင်အောင် အလင်းယိုင်နေကြရာ ခြေရာခံမိရန်နည်းလမ်းမရှိပါပေ။
ထိုပုဂ္ဂိုလ်၏လက်အား ဆုပ်ကိုင်ထွေးပိုက်ထားပါသော်လည်း၊ ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်တစ်လက်မစီတိုင်းကို အထိန်းအကွပ်မဲ့စွာ ထိတွေ့နိုင်ပါသော်လည်း သူသည် တစ်ခါတစ်ရံတွင် Fei Du ကမည်သည့်အရာကိုများ တွေးနေသည်ကို သိနိုင်စွမ်းမရှိသေးပါ။
Luo Wenzhou ၏ဘဝတစ်ခုလုံးတွင် သူ့အားခေါင်းကိုက်လောက်စေသောသူများစာရင်းတွင် Fei Du က ထိပ်ဆုံးကပါဝင်သည်။ အစောပိုင်းကာလ သူတို့နှစ်ဦး တစ်ဦးအပေါ်တစ်ဦး မကြည်သာခြင်းများဖြင့် တွေ့သည်နှင့်တစ်ပြိုင်တည်း စကားစစ်ထိုးတတ်ကြသည့်ကာလတွင်ရော ယခုကာလ ထိုသူအား ခေါင်းပေါ်ပင့်၍လည်းကောင်း၊ ပါးစပ်ထဲ၌ငုံ၍လည်းကောင်း ထားနိုင်ရန် ဆန္ဒရှိပါသည့် ကာလတွင်ရော ထိုသူက ခေါင်းကိုက်စရာပင်ဖြစ်၏။
အကယ်၍များ လူတစ်ဦးက လွန်ခဲ့သောတစ်နှစ်ခန့်အချိန်၌ 'သူသည် ဒီနှစ်အကုန်ကာလမှာ ရေခဲနှင့်နှင်းထုများအတွင်း အကူအညီများကိုလျစ်လျူရှုကာ Fei Du ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခြင်းဖြင့် ယာယီသက်သောင့်သာရှိမှုကလေးကိုသာ ရှာဖွေနေလိမ့်မည်' ဟုပြောလာခဲ့လျှင် Luo Wenzhou သည် ထိုသို့ပြောလာသူမှာ သူ၏ဦးနှောက်အတွင်း စနစ်ကြိုးမှာ လောင်ကျွမ်းပျက်စီးသွားပြီဖြစ်မည်ဟု သေချာပေါက် တွေးမိပေလိမ့်မည်။
Luo Wenzhou သည်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အစကနဦး *လူလတ်ပိုင်းအရွယ် စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုကာလရဲ့ ပြင်းထန်မှုတွေကိုခံစားနေရယုံပါ "
Fei Du ကမျက်တောင်တစ်ချက်ခတ်ကာ ရုတ်တရက် နတ်ဆိုးဆန်ဆန် အပြုံးဖြင့် သူ့နားရွက်အနီးသို့ တိုးကပ်လာလေသည်။
"ဘာလဲ၊ *Shixiongက ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်စွမ်းဆောင်နိုင်စွမ်းက မညီမျှဘူးလို့ ခံစားနေရတာလား။ ဘာလို့ စောစောကတည်းက မပြောရတာလဲ။ ကျွန်တော်က ပြုစုစောင့်ရှောက်ပေးမှာပေါ့...."
Luo Wenzhou : .................
_🌻🌻🌻_
• Midlife crisis - လူလတ်ပိုင်းအရွယ် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုကာလ။ အများအားဖြင့် အသက် ၄၀ နှင့် ၆၀ ကြားကာလမှာ အဖြစ်များပါတယ်။ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ဘဝရွေးချယ်မှုနှင့် ကိုယ့်ရဲ့ကိုယ်ကျင့်တရား စတဲ့အရာတွေနဲ့ပတ်သက်ပြီး စိတ်ကယောက်ကယက် ဖြစ်တာမျိုးလို့ထင်ပါတယ်။
• Shixiong - ရှေးခေတ်တရုတ်ဝတ္ထုတွေမှာတော့ ဆရာတူအစ်ကိုဖြစ်မယ်ထင်တယ်နော်။ ဒီမှာတော့ Brother လို့ဘဲရည်ညွှန်းပါတယ်။ MoDu မှာက Shixiong ဆိုတာလေးက အရေးပါတဲ့နာမ်စားလေးမို့ Brother လို့မပြောင်းဘဲ ဒီအတိုင်းလေး ထားလိုက်ပါတယ်။
_🌻🌻🌻🌻🌻_
7.31 💛
ဒီနေ့က အဖိုးတန်အချစ်ခံလေး Fei Du ရဲ့ မွေးနေ့ဖြစ်ပါတယ်။
လော့ဝမ်ကျိုးရဲ့ အချစ်တွေနဲ့ ကလေးလေး အများကြီး နွေးထွေးပျော်ရွှင်နေပါစေ။
YOU ARE READING
မော့တူ (Just Moments)
Mystery / Thriller_novel by Priest _This's not novel, just moments. _ spoiler 💥 _ Fanarts