အပိုင်း-၂၉

2.7K 161 8
                                    


ခဝဲပန်းတို့ပွင့်ပြီးခဲ့၍ သဇင်ပန်းတို့တုံးကုန်ကာ ခွာညိုပန်းလည်း ပွင့်ခဲ့ပြီ။

ထိုအစား တပို့တွဲလ၏ ရဲရဲနီသည့် လက်ပံပွင့်၍ နီပြေပြေပေါက်ပန်းတို့အစားထိုးလာလေ၏။

ရာသီဥတုက ချမ်းစိမ့်စိမ့်...
ဟေမန္တ၏ လက်ကျန်ဆောင်းရိပ်ဆောင်ငွေ့တို့က အစွမ်းကုန်အေးစိမ့်နေဆဲ...

'တပို့တွဲ...နွှဲ၍ရွာခြင်း သန်မိုးကြွင်း' ဟု ဖတ်ဖူးသည်။
ယခုကဖြင့် ဆောင်းအကျန်နှင်းအကြွင်းတို့ကသာ အသည်းအသန် ကျဆင်းနေလေ၏။

" ထ ထ အေးအရိပ်ရေ ဟေ့ ချစ်တေးလွင်ပြင်
ထတော့ ထကြ ထကြ "

မနက်မလင်းမီ လေးနာရီခန့်ကတည်းက ကျောရိုးထိစိမ့်သော အအေးငွေ့နှင့်အတူ guideဆရာများ၏ တုတ်တစ်ချောင်းဖြင့် လိုက်လံနှိုးနေသံက မြိုင်စည်နေလျှက်...

အအေးဓာတ်ပိုကဲလာသည်နှင့်အမျှ စာမေးပွဲဖြေရန်လည်း အတော်နီးကပ်လာပြီ မဟုတ်ပါလား...

အိပ်ဆောင်၌ လွန်ခဲ့သည့်အပတ်ကမှ ချိတ်ဆွဲထားသည့် whiteboardကြီး၌ " စာမေးပွဲဖြေရန် "25" ရက်သာ လိုတော့သည်ဟူသည့် စာတမ်းကြီးကလည်း ပြူးတူးပြဲတဲကြီးတည်ရှိနေလေပြီ။

" မှန်လေးရေ မှန်လေးလို့...."

" အင်..."

" ထတော့ ထတော့ ဆရာ လိုက်နှိုးနေပြီ ထတော့နော် ထကွာ လိမ္မာတယ် "

ရာရာတစ်ယောက် မနက်မိုးမလင်းခင်ကပင် နွေးထွေးသည့်အပြုံးတို့ကို ဖန်တီးပေးနိုင်သည့်
လူသားငရုတ်သီးလေးကြောင့် ကြည်နူးစွာပြုံးမိ၏။

ကြည့်ပါလေ...
သူ၏သွားချွန်လေးက ထိပ်တွင်ယုန်နားရွက်ခေါင်းစွပ်ရဲရဲလေးကိုစွပ်ကာ ခြေထောက်တွင်လည်း ခြေဖဝါးနှင့် ခြေဖျားထိပ်များဖွင့်ထားသည့်ခြေစွပ်ရဲရဲလေးနှင့်...

ထို့အပြင် အနီရောင်ပေါ် အညိုရောင်ဝက်ဝံရုပ်များပါသည့် pajamasဝမ်းဆက်လေးကိုဝတ်ကာ ဂွမ်စောင်နီရဲရဲကြီးအောက် ပုဇွန်ထုပ်ကွေးကွေးနေပုံမှာ ပီဘိငရုတ်သီးလေးအလား...

ဘယ်ညာလှိမ့်ကာ မျက်လုံးအစုံမှိတ်ထားဆဲ မှန်လေး၏ ကိုယ်လေးကိုအသာအယာဆွဲထူမကာ တစ်ဆက်တည်းမှာပင် လက်တစ်ဖက်ကလည်း စောင်လေးကိုကိုယ်မှာလွှမ်းခြုံကာပတ်ပေးလိုက်မိ၏။

Cupid's Compass (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ