"Begin in Rainy day"
[မိုးသည်းသောနေ့တစ်နေ့၌ အစပြုခဲ့သည်]မိုးကောင်းကင်၌ မိုးသားတိမ်လိပ်တို့က ခပ်အုပ်အုပ်။
မဲမှောင်စပြုနေသော တိမ်ဆိုင်တွေကိုကြည့်ရင်း သက်ပြင်းမော တစ်ခုချလိုက်မိပြန်သည်။
အင်း....ဒီနေ့လည်းမိုးရွာပြန်အုံးမှာပေါ့...။
မိုးရာသီမို့မိုးရွာတာဟာ ထူးဆန်းသောဖြစ်စဥ်မဟုတ်သော်ငြား မိုးကာ၊ထီး လုံလုံလောက်မရှိသော သူ့အဖို့ ရင်မောဖွယ်ရာ။
ဆေးပေါက်ကာ ဟောင်းနွမ်းစပြုနေသော ထီးအစုတ်လေးဟာ မိုးဒဏ်လေဒဏ် ကြံ့ကြံ့ခံနိုင်မည်တဲ့လား..။
ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းတို့ကိုအခါခါချလျက်သာ အိမ်မှာထွက်လာခဲ့မိသည်။
.
.
.ကျောင်းသားကျောင်းသူများစွာဖြင့်လှုပ်ရှားအသက်ဝင်နေသော ကျောင်းတော်ကြီး....
အဆောင်ပေါင်းများစွာကို ဖြတ်သန်းသွားလာပြီးနောက် အထက်တန်း တန်းခွဲ(A)ဆိုသော အခန်းရှေ့၌ ခြေစုံရပ်လိုက်သည်။
သူဟာ ပစ္စည်းဥစ္စာနိမ့်ပါးပေမယ့် ဥာဏ်ရည်နိမ့်ပါးသော ကျောင်းသားတစ်ယောက် မဟုတ်တန်ရာ။
(A)ခန်း၏ စာအတော်ဆုံးကျောင်းသားတစ်ယောက်
အဖြစ် အသိအမှတ်ပြုခြင်း ခံထားရပြီးဆရာ ဆရာမများ၏ အရေးပေးချစ်ခင်မှုကို ခံရသော လူရည်ချွန်တစ်ယောက်သာဖြစ်သည်။သူ့တွင် ပညာတော်သည်ကလွဲလို့ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုက ဗလာနတ္ထိ။
အပေါင်းသင်းလည်း များများစားစားမရှိလှပါ။
သူ့လိုမျိုးလူကို လူကုံထံ အသိုင်းဝိုင်းက သူတွေက အဖတ်လုပ်ပေါင်းချင်မည်တဲ့လား။
စာကလွဲပြီး ဘာကိုမှအရေးတယူမရှိလှသည့်သူ့အဖို့ အဲ့ဒီအရာတွေက သိပ်တော့အရေးမပါလှ။
အတန်းထဲသို့ရောက်ချိန်၌ နံနက်ခုနစ်နာရီခန့်သာရှိသေးသည်။
မိုးလွတ်လေလွတ် ခပ်စောစောအချိန်ဖြစ်တာကြောင့် အတန်းထဲ၌ ကျောင်းသားအနည်းငယ်သာရောက်သေး၏။