Unicode
လွန်ခဲ့သော(၂)နှစ်ခန့်ကာလ-
မြို့တော်တစ်ဝန်း လှုပ်ခပ်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မဟာတော်ဝင်အိမ်တော်က မင်းသမီးထိပ်ထားဦး ဆုံးပါးသွားပြီတဲ့”
“ဒါဆိုနန်းရိုက်နန်းလျာကရော”
“သူ့ညီမတော် မင်းသမီးလှိုင်ထိပ်ထားရှိတယ်လေ”
“မင်းသမီးထိပ်ထားဦး ဘာကြောင့်ဆုံးပါးရလဲ သိကြရလား”
“ဟင့်အင်း အိမ်တော်က ဘာသတင်းမှမထုတ်ပြန်ဘူး”
ကိုယ့်ထင်မြင်ချက်နှင့်ကိုယ်တော့ ဟုတ်နေကြသည်။ သို့ပေသည့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမှန်ကိုမသိရှိကြပေ။ တစ်ဦးတည်းသော ညီမတော်ဖြစ်သူကလည်း အိမ်တော်ရဲ့စည်းကမ်းတွေကို တစ်ဖန်ပြန်လည်တင်းကြပ်လိုက်တာကြောင့် မဟာတော်ဝင်အိမ်တော်၏ သတင်းအစအနမှာ ပိုလို့ပင်ဝေးကွာသွားတော့သည်။
မဟာတော်ဝင်အိမ်တော်သည် နယ်နယ်ရရတော့မဟုတ်ပါချေ။ နန်းမတော်ကြီး လှိုင်ထိပ်တင်ကြီး၏ နန်းတော်နန်းအဆောင်တော်ပင်ဖြစ်သည်။ မြေးတော်နှစ်ယောက်မှာ မင်းသမီးတွေချည်းမို့ နန်းမွေနန်းလျာဖို့ရာ သူစိမ်းမတင်ချင်သောကြောင့် မင်းသမီးထိပ်ထားဦးကိုသာ နန်းမွေသတ်မှတ်ထားခြင်းဖြစ်သည်။
ဝါးပင်တွေအများအပြားရှိပြီး အိမ်တော်အဝင်လမ်းတစ်လျှောက်မှာတော့ ခရေပင်တန်းကြီးရှိသည်။စိမ်းစိမ်းစိုစို ညို့ညို့မှိုင်းမှိုင်းလေးမို့အေးချမ်းသောအရပ်ဖြစ်သည်။ အဆောင်တော်တွေမှာလည်း အများအပြားရှိသည့်အနက် နန်းမတော်ကြီးက လက်ယာအဆောင်တော်တွင်စံမြန်းကာ မင်းသမီးလှိုင်ထိပ်ထားကတော့ ပင်မအဆောင်တော်တွင် စံမြန်းသည်။
ပင်မအဆောင်တော်ကိုရောက်ဖို့ အဝင်နိမိတ်ကနေ အတော်လေးသွားရသည်။ သို့သော်ငြား လမ်းလျှောက်ရတာပင် ဇိမ်ခံရလောက်အောင် မျက်စိပဒါသဖြစ်ကြရသည်ဟု အိမ်တော်မှ ဖိတ်ကြားခံရသူများ၏ ဆိုစမှတ်ရှိကြသည်။
ထီးနန်းထီးရာနှင့် နေခဲ့သူများဖြစ်သည့်အလျောက် တော်ဝင်ဆန်လွန်းလှသည်။ ဒီဘက်ခေတ်မှာနေထိုင်သူများဖြစ်ကြသော်လည်း မဟာတော်ဝင်တော်ဝင်စံအိမ်ကတော့ နန်းငွေ့နန်းသက်မပျောက်ပါပေ။ ခေတ်နောက်ကျကျန်ခဲ့တာလားဆိုတော့လည်း မဟုတ်ပြန်ပါပေ။