" မေ ခန့် နိုင်....ဟုတ်တယ်ဟုတ်... "
အနည်းငယ် ချွဲပျစ်နေသော နာမည် ခေါ်သံကြောင့် ကြက်သွန်နွှာ နေရာမှ အနောက်ဖက်ကို လှည့်ကြည့်မိရသည်။
ဝတ်လွှာဖြူ..။
အသံ ကြားရုံဖြင့် မှတ်မိနိုင်စရာ ချွဲပျစ်ပျစ် အသံပိုင်ရှင်။
" တိမ်းဖာ ခရီးစဉ် ရှိတာ ဖြူ့ကိုတောင် မပြောဘူးပဲ။ ဘာလို့လဲ။ လိုက်နှောင့်ယှက်မှာ စိုးလို့လား"
" မဟုတ်ပါဘူး။ ဖြူက ဘယ်လိုလုပ် ဒီကို..."
" ဖြူ့ ဦးလေးက လည်း ဒီမှာ ဆွမ်းပဒေသာပင် စိုက်ထားတာပဲလေ။ ဖြူ့အတွက်တော့ ဒုတိယအကြိမ် ရောက်ဖြစ်တာပေါ့။ မနှစ်က တစ်ခါ လာသေးတယ်"
"ဪ....။ ဘယ်အချိန်က ရောက်တာလဲ"
"နေ့လယ် တစ်နာရီလောက်က ပဲ။ ဆွမ်းချက်နေတဲ့ ဆရာလေး တွေပြောတာ မြို့ထဲက ဧည့်သည်တွေ ရောက်နေတယ်၊ တောင်အောက် ဆင်းသွားတယ် ဆိုတာကိုး။"
" ဟုတ်တယ်။ တောင်ခြေမှာ အမျိုးတွေ ရှိတယ်လေ။"
ထိုစကားကိုသာ တုန့်ပြန်ပြီး ခွာလက်စ ကြက်သွန် ကို ဆက်ခွာနေမိသည်။
ညနေ ၅ နာရီ။
မနက်တည်းက တောင်အောက်ဆင်းကာ လျှောက်သွားခဲ့ကြသည်မို့ ပြန်တက်လာကြတော့ မယုကို ရေအရင် ချိုးစေကာ မေခန့်က ဆွမ်းချက်ဆောင်မှာ လာကူညီနေခြင်းပင်။
"ခန့်ကရော ဒီကို ဘယ်သူနဲ့လဲ "
"ဟင်..ဪ။ ကိုယ့် မာမား၊ ပါးပါးရယ်၊ အသိ အစ်မတစ်ယောက်ရယ်ပါ "
မယု နာမည် ထုတ်ပြောရင် ပိုပြီး လမ်းကြောင်းရှည်မှာ စိုးတာကြောင့် အသိအစ်မ ဟု ခပ်တိုတိုသာပြောလိုက်သည်။
" အစ်မ ဆိုတာ ဟို အစ်မကြီး တော့ မဟုတ်ဘူး မဟုတ်လား"
"ဟင်"
"တစ်ခါက Gym ခန်းမှာ ဖုန်းခေါ်တဲ့ အစ်မကြီး"
" ဪ... ဟုတ်တယ်။ မယုလေ။ သူရော ပါတယ်"
"ဟုတ်လား"
စကားက ဆိုက်ဆိုက်မြိုက်မြိုက်။
ဗန်းအသေးလေးထဲ ထည့်ထားသော ကြက်သွန်နွှာသည့် ဓါးလေးကို လှမ်းယူကာ မေခန့်၏ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်သည့် ဝတ်လွှာဖြူ။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....