"မောင်.. ဝေးမယ်ဆိုလည်း ကျွန်တော်တို့အဆုံးထိ
ဝေးကြရအောင်။"ထင်မှတ်မထားခဲ့သည့် ဂျယ်ယွန်း၏နှုတ်ဖျားဆီမှတိုးထွက်လာသည့်စကားသံလေးကြောင့်ပင် ဆောင်းဟွန်း၏ရှေ့ဆက်လှမ်းရန်ပြင်နေသည့်ခြေလှမ်းများသည်နေရာမှာပင်ရပ်တန့်သွားခဲ့ပြီး လှေကားလက်ရန်းအားဆုပ်ကိုင်ထားသည့် လက်ချောင်းသွယ်များသည်သာမန်ထက်ပို၍တင်းကြပ်သွားခဲ့သည်။
သို့သော် ဧည့်ခန်း၏ဆိုဖာနားတွင်ရပ်နေသည့်ဂျယ်ယွန်း၏ဘက်သို့ တစ်ချက်ကလေးမျှပင်လှည့်ကြည့်ခြင်းရှိမလာသည့်ဆောင်းဟွန်းသည် တုန်လှုပ်ခြင်းမရှိပဲတည်ငြိမ်စွာဖြင့်ကျောခိုင်းထားမြဲဖြစ်သည်။
" ဂျယ်ယွန်းရဲ့အကြောင်းပြချက်ကို မောင်ကြားခွင့်ရှိမလား။ "
" အနေနီးရက်နဲ့ဝေးကွာနေရတဲ့ခံစားချက်တွေက
ထင်ထားတာထက်ပိုပြီး ကျွန်တော့်အတွက်ဆိုးရွားလွန်းတယ်။
အဲ့ဒါကြောင့်ဝေးကြရအောင်..အဆုံးသတ်ထိ ။ ""မောင်နဲ့ဝေးရဲပြီလား ၊သေချာရဲ့လား ဂျယ်ယွန်းနီ။"
တည်ငြိမ်နိုင်လွန်းသည့်ဆောင်းဟွန်း၏ပုံရိပ်အား ငေးကြည့်ရင်း ဝမ်းနည်းစိတ်ကလေးများသည်ဂျယ်ယွန်း၏ရင်ထဲသို့ တိုးဝှေ့၍ဝင်ရောက်လာသည်။
နောက်ကျောပြင်ဘက်တွင် ရပ်နေသည့်ဂျယ်ယွန်းအား တချက်ကလေးပင်လှည့်ကြည့်ခြင်းမရှိခဲ့သည့်ဆောင်းဟွန်းသည် ကျောခိုင်းရင်းဖြင့်သာမေးခွန်းပြန်ထုတ်နေခဲ့သည်။
လက်သီးဆုပ်ကလေးအားခပ်ကျစ်ကျစ်ဆုပ်လိုက်သည့် ဂျယ်ယွန်း၏ပါးပြင်တွင် ရှိုက်သံကင်းမဲ့သည့်မျက်ရည်စများတသွင်သွင်စီးကျနေလျက်ရှိပြီး လမ်းခွဲစကားပြောသည်ကိုပင်တုန်လှူပ်ခြင်းအလျင်းမရှိခဲ့သည့် ကျောခိုင်းထားသည့်သူကိုသာ အံ့သြစွာဖြင့်ခပ်တွေတွေစိုက်ကြည့်နေခဲ့မိသည်။
" သေချာလို့လား ဂျယ်ယွန်း "
" အင်း..သေချာတယ် ၊
ကျွန်တော် မောင်နဲ့လမ်းခွဲချင်တယ်။ ""ကောင်းပါပြီ ၊ ဂျယ်ယွန်းသဘောပါ။ "
လှေကားထစ်များထက်သို့တက်လှမ်းသွားသည့်ခြေလှမ်းများသည်ယိုင်နဲ့ခြင်းကင်းမဲ့စွာဖြင့်တည်ငြိမ်လွန်းနေခဲ့ပြီး နောက်ပြန်၍တချက်ကလေးပင်ငဲ့ကြည့်ခြင်းမရှိခဲ့သည့်ကျောပြင်ကျယ်သည် ငေးစိုက်ကြည့်နေရုံဖြင့်ဂျယ်ယွန်း၏ရင်ဘတ်အား အောင့်မျက်၍နာကျင်စပြုလာစေသည်။
