၃၀၂။ “ငွေရောင် အကာ - ၃”
သည်မှာ သူမ စွမ်အားစုပ်ယူခြင်းက လင်းအိမ်တော်တွင် စွမ်းအား စုပ်ယူတာထက် နှေးကွေးသည့် အနေအထား ဖြစ်သည်။ သို့သော် ထိန်းချုပ်နေရသည့် အနေအထားမှာ သစ်သားပုတီးစေ့က ဆတိုးပေးနိုင်သည်မို့ သူမ ကျေနပ် နေရသည်။
သစ်သားပုတီးစေ့နှင့်ဆိုလျှင် ချင်းယန်ကလန်မှာ နေစဉ်အတွင်း သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်ဖို့ရာ သိပ်နှေးကွေးမည်တော့ မဟုတ်ပေ။
သူမက ကြာပန်းလေးဆီမှ သစ်သားပုတီးစေ့ကို ပြန်သိမ်းယူလိုက်သည်။ အနည်းငယ် နွေးထွေးမှုကို သူမက ခံစားနေရတုန်းပင်။ ရုတ်တရက် သူမခေါင်းထဲတွင် ချောမောပြီး မိစ္ဆာဆန်သည့် မျက်နှာက ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ ဂျန်ဝုရှီက တောင့်တင်းသွားရသည်။
“ဂျန်ဝုယောင်း....” ဂျန်ဝုရှီ ပါးစပ်မှ ထိုထွက်လာသည့် စကားလုံးက လေသံမျှသာ ဖြစ်သည်။ သူမက ခေါင်းငိုက်စိုက်ချ၍ သူမ မျက်နှာက ညှိုးငယ်သွားသည်။
ဘာလို့ သူမက ရုတ်တရက် ဂျန်ဝုယောင်းကို စဉ်းစားမိတာပါလိမ့်။
ဂျန်ဝုရှီက ဘာ့ကြောင့်လဲ နားမလည်ချေ။ ထို့နောက် ထိုမျက်နှာက တဖြည်းဖြည်း ပျောက်လွင့်သွားသည်။ သူမက ဂျန်ဝုယောင်းကို မစဉ်းစားတော့ဘဲ သစ်သားပုတီးစေ့ကို အသုံးပြုလျက် ဝိညာဉ်စွမ်းအင်ကို ဆက်လက် စုပ်ယူလိုက်သည်။
အရိပ်တွင် ပုန်းကွယ်နေသည့် ယဲ့ရှက ဂျန်ဝုရှီကို တိတ်တဆိတ် ကာကွယ်လျက် ရပ်နေသည်။ သူက ဂျန်ဝုရှီ၏ လေသံမျှသာ ထွက်လာသည့် စကားသုံးလုံးကို ကြားလိုက်ရ၍ အံ့အားသင့်သွားသည်။ အသံက တိုးလွန်းနေသော်လည်း သူ ကြားရတာက သေချာနေသည်။
ဒါက သခင်ကြီးရဲ့ နာမည်တု မဟုတ်လား။
ထိုစဉ်, ယဲ့ရှ၏ လက်က ရိပ်ခနဲ ဖြစ်သွားကာ အနက်ရောင် မြွေတစ်ကောင်က သူ့လက်ဖျားမှ တဆင့် မြေပြင်ပေါ်သို့ ကျသွားသည်။ သူက စာရွက်တစ်ရွက်ကို ထုတ်ယူ၍ တစ်စုံတစ်ရာကို ရေးသား၍ ဖယောင်းဖြင့် ပိတ်ဆို့၍ မြွေကို မျိုခိုင်းလိုက်သည်။