Three

90 18 0
                                    

"ယနေ့ကျွေးမွေးသော အာဟာရအတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါတယ်၊ ဤမြင့်မြတ်သောအကျိုးကိုပြုသော အလှူရှင်ကိုလည်း အဖဖန်ဆင်းရာလက်တစ်စုံအဖြစ် တည်ရှိပါစေ....အာမင်"

ငြိမ်သက်သွားသော အခိုက်တန့်နှင့် ကျေးဇူးတော်ချီးမွမ်းရာအရပ်တို့သည် တစ်သားတည်းကျနေသည်။ ထိုအရပ်ကား အရွယ်စုံလင်စွာမြင်တွေ့ရမည့် စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာဖြစ်သည်။

ထိုအခိုက်တန့်အပြီး ပျော်ရွှင်စွာဖြင့် နေ့လည်စာသုံးဆောင်ကြမည့် ကလေးအုပ်စုကို တွေ့ရလိမ့်မည်။ ကြက်ဆင်သားဆိုတာ သူတို့အိပ်မက် မမက်ဖူးတဲ့အရာပဲ။ မြို့ကြီး ပြကြီး‌တွေမှာတော့ ကျေးဇူးတော်နေ့မှာ မိသားစုတွေ ပြုံးပျော်နွေးထွေးပြီး စားသောက်နေနိုင်ကြပေမယ့် နေ့တွေ၊ ရက်တွေ၊ လတွေမရှိတော့တဲ့ ဒီမြေပြင်မှာတော့ ဒါမှ တကယ် ကျေးဇူးတော်ပါပဲ။

"Jason...ငမ်းမနေနဲ့၊ တစ်ဖက်ကနေ အဆက်သွယ်ရလာတယ်၊ ဒီည လေကြောင်းလာဖို့ရှိနေတယ်လို့ ခန့်မှန်းထားတယ်"

သေနတ်လွယ်ကာ ဘေးနံရံအကာကိုမှီရင်း စားသောက်ပွဲကြီးကိုငေးနေတုန်းရှိသေး ဘေးမှ ပုခုံးပုတ်ကာ လာသတိပေးမှုကြောင့် အနည်းငယ်ဆို့တက်သွားသောရင်ဘတ်ကို မသိမသာလေး ဖြေလျော့ထားရသည်။

"နေရာရွေ့ရမှာပေါ့"

"ကြိုတင်ပြင်ဆင်ထားတာ အမှားမဖြစ်ဘူး"

သူခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် လှည့်ကြည့်နေသော ကလေးတစ်ဦးကို အကောင်းဆုံးပြုံးပြရင်း လက်ခုပ်ကျယ်ကျယ်တီးလိုက်၏။

"ရှောင်ရမယ်ဟေ့ အမြန်အပြီးသတ်ကြပါ၊ ကြောက်ဖို့မလိုဘူး၊ ခဏရှောင်ရုံပဲ"

သူ့စကားအပြီး သူငယ်ချင်းဖြစ်သူက မျက်မှောင်ကြီးကုပ်ကာကြည့်လိုက်သည်။ ဒီကလူတွေ အကြောက်တရားနဲ့တစ်သားတည်းဖြစ်နေပြီးကို သူမသိတာလည်းမဟုတ်။ သို့သော် လူဆိုတာ ယုံကြည်ရာနဲ့ရှင်သန်နေတာမို့ သူတို့ဟာ ဒီကသူတွေအတွက် ယုံကြည်ရာပဲမလား။

ရုတ်တရက် ဘောင်းဘီကိုလာဆွဲတာကြောင့် သူငုံ့ကြည့်မိသည်။ အစောက မျက်လုံးဝိုင်းလေးက သူစားနေသည့် ပန်းကန်လေးကို သူ့ဆီမော့ပေးနေသည်။

FIVE Where stories live. Discover now