လူတွေအားလုံးမှာ အမြဲတမ်းအတွက် အမှတ်တရရှိနေတဲ့ နေ့တွေ၊ အကြောင်းအရာတွေ ရှိတယ်မဟုတ်လား။ နောက်ပြီး ဘယ်တော့မှမေ့လို့မသွားမယ့် လူတွေရောပေါ့။
ပိုးသားဖြူဆိုတဲ့ ဒီလူသားရဲ့ဘဝမှာလည်း ရှိခဲ့ဖူးတယ်။ အထူးသဖြင့် အဲ့ဒီနေ့..။ အဲ့ဒီနေ့ကိုပေါ့။
ပိုးဒီအိမ်ကို စရောက်လာတဲ့နေ့ကပေါ့။ အဲ့ဒီနေ့က ကောင်းကင်ကြီးက ချက်ချင်းပဲငိုချတော့မလို အုံ့အုံ့မှိုင်းမှိုင်းနဲ့ရယ်။ ၁၀နှစ်ပဲရှိသေးတဲ့ ပိုးရဲ့အရပ်ထက် ၃ဆလောက်မြင့်တဲ့ ခြံတံခါးကြီးပွင့်သွားချိန်မှာ မြင်လိုက်ရတဲ့ ခြံဝန်းကျယ်ကြီးရယ်၊ အသည်းပုံရေကန်ပြာပြာကြီးရယ်၊ ခန်းနားလွန်းလှတဲ့အိမ်အကြီးကြီးရယ်။ ဒါတွေက ပိုးဘဝရဲ့ မမေ့နိုင်တဲ့ အထင်ကရမြင်ကွင်းတစ်ချို့ပေါ့။
နောက်ပြီး..
ကော်ဖီရောင် ကြောင်ကလေးရဲ့ အမွှေးရှည်တွေကို ပွတ်သပ်ပေးနေတဲ့ နို့နှစ်ရောင်လက်သွယ်သွယ်ကလေး။ မီးခိုးရောင်ဖျော့ဖျော့သန်းနေတဲ့ ဆံနွယ်လှိုင်းတွေနားက မှဲ့နက်ကလေးတွေအစီအရီနှင့် လည်တိုင်ဖြူဖြူကလေး။သူ့ရဲ့မျက်ဝန်းတွေက အနက်ရောင်မဟုတ်ဘူး။ မီးခိုးရောင်လိုလို ခဲရောင်လိုလိုနှင့် စွဲမက်ဖွယ်ကောင်းလောက်အောင် ကြည်လင်စူးရှနေတာ။ ဘာမှခြယ်သစရာမလိုတဲ့ ပင်ကိုယ်မျက်ခုံးထူထူကလေးရယ်၊ ဖြူဖြူနုနု နှာတံသွယ်သွယ်ကလေးရယ်၊ နှင်းဆီပွင့်ချပ်ရောင် နီရဲနေတဲ့နှုတ်ခမ်းပါးကလေးရယ်ကလည်း တကယ်ကိုကြည့်မဝချင်စရာ။
"သူ့နာမည်က?.."
အမေးစကားသံပီပီ လေသံမြင့်မြင့်ကလေးနှင့် ပထမဆုံးကြားဖူးတဲ့ အသံချိုချိုကလေးကလည်း ပိုးဘဝရဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့။
"ပိုးသားဖြူတဲ့...ပိုးငယ်ကခုမှ ၁၀နှစ်ပဲရှိသေးတာ..ညီမလေးကိုကောင်းကောင်းဆက်ဆံရမယ်နော်သမီး.."
ဒီစကားကိုပြောတဲ့သူကတော့ ပိုးရဲ့ပထွေးလို့ပဲခေါ်ရလေမလား။ မေမေ့ရဲ့ နောက်ယောက်ျားဆိုသော်လည်း ပထွေးဆိုသော ခါးခါးသီးသီးအသုံးအနှုန်းနှင့် မသုံးရက်လောက်အောင်ပင် ဦးဦးက ပိုးအပေါ် အဖေအရင်းနှင့်မခြား ကောင်းခဲ့တဲ့ သူတစ်ယောက်ပါပဲ။ ငယ်ငယ်လေးကတည်းက အဖမဲ့ခဲ့ရတဲ့ပိုးအဖို့ ဦးဦးဟာ ဒုတိယဖခင်ဖြစ်ခဲ့ရပါတယ်။
YOU ARE READING
မြူ(One Short)
Short Story[Unicode] မြူကလေ..ကော်ဖီခါးခါးတွေကိုသိပ်ကြိုက်တယ်..ညနက်တဲ့အထိ စာအုပ်တွေကြားအချိန်ကုန်ရတာကို သိပ်သဘောကျတယ်..တစ်ခါတစ်လေတော့လည်း စီးကရက်မီးခိုးတွေကို ဖွာရှိုက်ရတာကို သိပ်နှစ်ခြိုက်ပြန်သတဲ့လေ..ဒီလူသားကတော့လေ...မြူခိုးရှင်ဆိုတဲ့ အဲ့ဒီအမျိုးသမီးကို သိပ်မြ...