Unicode
သူ့လက်ချောင်းတွေက သွက်လက်ကျွမ်းကျင်နေကာ ဂျုံမှုန့်ကို နယ်နေသည့်အလား သူမပါး၏ ဘယ်နှင့်ညာကို အားပါးတရဖျစ်ညှစ်လို့နေသည်။ မကြာခဏဆိုသလိုလည်း နောက်ဘက်ယိမ်း၍ လိမ်းသည့်အတိုင်းအဆကို ချိန်ဆသည့်အလား မျက်ဝန်းကိုမှေးစင်းလိုက်သေးသည်။ ပြီးလျှင်တော့ ထပ်လိမ်းပြန်လေ၏။
အတော်ကြာအောင် ဖျစ်ညှစ်လိမ်းနယ်အပြီးမှာတော့ သူက လက်ထဲက ကျောက်စိမ်းဘူးလေးကိုလွှတ်ပစ်ကာ ကျေနပ်သွားဟန် လက်ခုပ်တစ်ချက်တီးလိုက်သည်။ နောက် သူမပခုံးကနေ ညှပ်ခေါ်လာကာ စမ်းချောင်း၏ ရေမျက်နှာပြင်ထက်ကို ကြည့်စေလေသည်။
မနက်ခင်း၏ နေအလင်းရောင်က စမ်းချောင်းထဲဖြာကျနေသည်မှာ ရွှေမှုန်များဖြူးထားသည့်အလား။
စန်းယွမ်ယွမ်မှာ ရေမျက်နှာပြင်ထက်ကနေ စိမ်းသက်နေသည့်မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏။ ရုပ်ရည်က သာမာန်ရွက်ကြမ်းရေကျိုမျက်နှာပေါက်ဖြစ်နေကာ နှုတ်ခမ်းအောက်နားမှာဖြင့် အလတ်အလယ်အရွယ်အစားရှိသည့် ပြတ်ရှရာ တစ်ခုတောင်ပါလိုက်သေးသည်။
သူက သူမကို ဆွဲထူကာ သူမ၏ အပြင်ဝတ်တွေကို သေသပ်လျှင်မြန်စွာဖြင့် ဆုတ်ဖြဲလိုက်ပြန်၏။ နောက် သူ့ကိုယ်ပေါ်က အသင့်ဆောင်လာသည့်အိတ်ထဲမှ အစေခံဝတ်စုံကိုထုတ်ကာ သူမကို ဝတ်ပေးလာသည်။ ပြီးသည်နှင့် သူမကို စမ်းချောင်းရေမျက်နှာပြင်ရှေ့သို့ ပြန်တွန်းပို့ကာ ရေထဲက ရောင်ပြန်ဟပ်နေသည့်ရုပ်သွင်ကို ဘယ်ကကြည့်လိုက်၊ ညာကကြည့်လိုက်ဖြင့် စစ်ဆေးအကဲဖြတ်လို့ နေပေတော့သည်။
သူလုပ်နေသည့်ပုံကိုကြည့်ရင်း သူမနှလုံးသားထဲမှာ အကြောက်တရားတို့ ပြည့်နှက်လာ၏။"ရှင် ကျွန်မကို ...ခေါ်သွားမလို့လား"
ရေမျက်နှာပြင်ပေါ်က ယုံးဝူမင့်မျက်နှာက လှိုင်းကြက်ခွပ်နှင့်အတူ ယိမ်းထိုးသွား၏။"ပျော်စရာကောင်းတယ်လေ။ မဟုတ်ဘူးလား"
ဒင်းက သူမကို ရှေ့တန်းခေါ်သွားချင်နေတာတဲ့ဟေး!!
စန်းယွမ်ယွမ်ကတော့ ပျော်စရာကောင်းတယ် မထင်ပါ။ သို့ပေမဲ့ ကန့်ကွက်ငြင်းခုံ၍လည်း အသုံးဝင်သည်မှ မဟုတ်သည်ပဲလေ။
နှစ်ယောက်သားက ခရီးကို ဆက်ထွက်လာခဲ့လိုက်ကြသည်။
မိုးလင်းလာသည့်အချိန်မှာတော့ စန်းယွမ်ယွမ်မှာ ယုံးဝူမင့်၏ တိမ်လွှာသားရဲက သာမန်ဟု ထင်ရပေမဲ့ အရှိန်နှုန်းကတော့ အံ့ဩဖွယ်ကောင်းအောင် မြန်ဆန်လှတာကို တွေ့လိုက်ရလေသည်။ထိုသားရဲ အားကုန်ပြေးသည့်အချိန်ဆို ဘေးနှစ်ဘက်က ရှုခင်းတွေကို ရိပ်ခနဲ ရိပ်ခနဲသာ မြင်လိုက်ရသည်။
အံ့အားသင့်မှု တစ်စွန်းတစ်စက သူမမျက်ဝန်းထဲပေါ်လာသည်နှင့် တစ်ပြိုင်နက် ယုံးဝူမင့်ကလည်း အကင်းပါးစူးရှစွာ အကြည့်ကိုဖမ်းမိလိုက်လေသည်။
သူက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလာသည်။
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️