အပိုင်း - ၄၈ { တွယ်ငြိပတ်သက်လေြပီဖြစ်သော ခေါင်းဆောင်ကျောက် }( နူးညံ့သိမ်မွေ့သော အမတ်မင်းဝမ်း )
ကောင်းကင်ပြင်ထက်ဝယ် မှောင်အတိကျနေကာ ဂူထဲရှိ မီးဖိုမှ အစားအသောက်နံ့များ မွှေးပျံ့ကြိုင်လှိုင်နေ၏။ ပတ်ဝန်းကျင်တွင်လည်း အသံဗလံများ တိတ်ဆိတ်ငြိမ်သက်နေကာ ပိုးကောင်အော်သံများကို ကြာကြာနေတစ်ခါသာ ကြားရသည်။ ထို့ကြောင့် ညအခါ၏ တိတ်ဆိတ်ငြိမ်သက်မှုများ သိသာထင်ရှားနေစေလှသည်။
နောက်ဆုံးဆန်ပြုတ်တစ်လုပ်အား သောက်လိုက်ပြီးနောက် အမတ်မင်းဝမ်းက ကျေနပ်အားရစွာ ဆိုလာ၏။
"စားလို့ကောင်းလိုက်တာ"
"ဗိုက်ပြည့်ပြီလား"
ကျောက်ယွဲ့မှ မေးလာ၏။ ဝမ်းလျိုနျဲန်က ဗိုက်ကိုပွတ်ရင်း ဖြေလာသည်။
"အင်း၊ ပန်းကန်သွားဆေးလိုက်ဦးမယ်"
"လာ၊ ငါ သွားလိုက်မယ်။ အပြင်မှာ အေးတယ်"
ဝမ်းလျိုနျဲန်က သူ့အားကြည့်ပြီး ပြုံးမိ၏။
"ဟုတ်"
ကျောက်ယွဲ့ကမူ ဂူအပြင်ဘက်သို့ တည်ငြိမ်စွာ ထွက်သွားသည်။ သို့သော် နားရွက်များကမူ နီရဲနေလျက်ရှိ၏။
သို့နှင့် အိုးခွက်ပန်းကန်များ ဆေးကြောသန့်စင်ပြီးနောက် ကျောက်ယွဲ့က မီးဖိုနား ပြန်လာထိုင်ကာ မီးပုံထဲသို့ ထင်းများ ထပ်ထည့်လိုက်သည်။
ဝမ်းလျိုနျဲန်မှ မေးလာ၏။
"ကျွန်တော်တို့ ဘယ်အချိန်မှ ပြန်သွားကြမှာလဲဟင်"
"မင်းသဘောလေ"
"ဒါဆို ခဏလောက် ဆက်နေဦးမယ်နော်"
ဝမ်းလျိုနျဲန်က ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ထပ်မေးလာ၏။
"ဒီတောင်ပေါ်မှာ သားရဲတိရစ္ဆာန်တွေ ရှိလား"
"ရှိတယ်၊ ဒါပေမယ့် ဒီထိတော့ ရောက်မလာဘူး။ ဒီနေရာက အရမ်းမတ်စောက်တော့ အောက်မှာ ဘာစားစရာမှ မရှိဘူးလေ။ မကြောက်လိုက်ပါနဲ့"
"ဟင့်အင်း၊ မကြောက်ရပါဘူး။ စကားအဖြစ် မေးရုံတင်"
ကျောက်ယွဲ့လည်း ဘာမှ ဆက်မဖြေတော့ပါ။ ကြောက်ကြောင်း ဝန်ခံရမည်ကို တစ်ဖက်လူက ရှက်နေမည်မှန်း သိနေသည်မို့။ ဤအချက်ကိုလည်း သူ ခန့်မှန်းမိသည်သာ၊ စာပေသမားများက မျက်နှာ၊သိက္ခာစသည်တို့ကို အမြဲ ရှေ့တန်းတင်ကြသည်မို့။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...