ပြတင်းပေါက်ကနေ ခပ်ပြင်းပြင်းတိုက်ခတ်လိုက်သော လေညင်းလေးက တသွဲ့သွဲ့။
ချရေးနေသောစာရွက်ပေါ်မှာ စာလုံးလေးများက ညီညာစီတန်းစွာ...။သွယ်လျပါသော လက်ချောင်းလေးများက ခပ်လှုပ်လှုပ်။တစ်စုံတစ်ရာကို အာရုံစူးစိုက်လွန်းနေပါသော မျက်၀န်းလေးတစ်စုံ။
ခြံအပြင်လမ်းမထက်မှ အိမ်အတွင်းသို့ သွားလာလှုပ်ရှားနေကြပါသော သူများ။သူဟာ ထိုသူတွေနဲ့ မသက်ဆိုင်စွာ...။
ဖျက်ကနဲခပ်လိုက်ပါသော မျက်တောင်လေး။
နှုတ်ခမ်းဖျားလေးက ခပ်ဆက်ဆက်တုန်သွားလေသည်။''ပါပါး''
လောကမှာ မရှိတော့လေသော သူ၏ဖခင်။
သူ့ကို အရမ်းချစ်သော ဖခင်။
သူ့ကို ထားရစ်ခဲ့လေပြီဖြစ်သော ချစ်ရဆုံးသူ။''ရှောင်းကျန့်!!"
သူ့ကိုယ်လေး ဆက်ကနဲ တုန်ခါသွားလေသည်။သူ၏ နှစ်ယောက်မရှိသော မိထွေးမေမေ။ပါပါးရှေ့ဆို ဟန်ဆောင်ချစ်ပြပေးပြီး မေတ္တာတုတွေ ပေးနေသူ။
"မလာဘဲ အဲ့မှာ ဘာလုပ်နေတာလဲ"
သူ့လက်ကို လာဆွဲတဲ့ လက်ကို ခါထုတ်လိုက်ပေမယ့် သူက ငယ်ရွယ်သူဖြစ်တာကြောင့် အားမယှဥ်နိုင်ဘဲ စွေ့ကနဲ ပါသွားလေသည်။
...........
ဓာတ်ပုံထဲက ပြုံးနေသော အဖေ့ဓာတ်ပုံကို ကြည့်ပြီး သူအရမ်းဝမ်းနည်းလာသလို ခံစားရသည်။
မာမားရှိစဥ်က ပြုံးပျော်ရွှင်ခဲ့ရသော သူတို့မိသားစုလေး။အခုကျ သူ့ကို အရမ်းချစ်တဲ့သူတွေ သူကလည်း အရမ်းချစ်ရပါတဲ့ သူနှစ်ယောက်က သူ့ကို အထီးကျန်စွာ တစ်ယောက်တည်း ထားရစ်ခဲ့လေပြီ။
"ရှောင်းကျန့်"
နောက်ကနေ ခပ်ဖြည်းဖြည်း ပုခုံးကို ပုတ်လာပါတဲ့ သူမ။သူမက မိထွေးရဲ့ သမီး ရှင်းရှင်း။
မိခင်က စိတ်ပုတ်စိတ်ယုတ်မာသလောက်
စိတ်သဘောထား နူးညံ့သိမ်မွေ့ပါသော မိန်းကလေး။"စိတ်ကို အရမ်းချုပ်တည်းမထားပါနဲ့ ရှောင်းကျန့်ရယ်"
သူ့ထက် အသက်နှစ်နှစ်ကြီးပြီး ပုလဲလုံးလေးတွေထည့်ထားသလို လှပတဲ့ မျက်ဝန်းအိမ်လေးနဲ့ သူမက ကြင်နာလွန်းလှသည်။