အပိုင်း (၈) စွမ်းအင်ဝင်ပေါက် ၈ ခုကိုရှာဖွေခြင်း

52 7 0
                                    



အဖိုးအိုရဲ့အသံက သံသယရှိစရာမလိုလောက်အောင်ပင် ဇူယွမ်ရဲ့နားထဲမှာ ရုတ်တရက်မိုးကြိုးပစ်ချလိုက်သလို ခံစားသွားရစေပြီး သူ့ရဲ့နှလုံးကိုလည်း အပြင်းအထန်လှုပ်ရှားစေသည်။ ဒီအဖိုးအိုရဲ့ အကြည့်တစ်ချက်က သူ့မှာဖြစ်နေတဲ့ အရာရာတိုင်းကို ရှာတွေ့နိုင်ခဲ့သည်။
အစိမ်းရောင်ဝတ်စုံဝတ်မိန်းခလေးကလည်း အဖိုးအိုရဲ့နောက်ကျောဘက်ကို လျှောက်သွားလိုက်ကာ တုန်လှုပ်နေတဲ့ဇူယွမ့်ကို ဖျတ်ခနဲကြည့်လိုက်မိသည်။ သူမရဲ့လက်ထဲက ခွေးလေးက သူ့ဘာသာသူ ခုန်ဆင်းသွားဖို့လုပ်ခဲ့ပေမယ့်လည်း သူမကချမပေးခဲ့ဘဲ ရေကရားထဲကိုသာ ပစ်ထည့်လိုက်သည်။ ခွေးလေးက အနည်းငယ်အံ့အားသင့်သွားတဲ့ပုံ ပေါ်ပေမယ့်လည်း သူကမိန်းခလေးရဲ့စိတ်ကို ကောင်းစွာသိသည့်အတွက် နာခံစွာနဲ့ဘဲ သူ့ဘာသာသူ စတင်ပြီးဆေးကြောသန့်ရှင်းလိုက်သည်။ ဒါကပုံမှန်အားဖြင့် ရယ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပေသည်။
သို့ပေမယ့်လည်း ဇူယွမ်က ဒီရယ်စရာကောင်းတဲ့မြင်ကွင်းကို လုံးဝအာရုံစိုက်မိခြင်းမရှိဘဲ ထူးဆန်းတဲ့ အနက်ရောင်ဝတ်စုံနဲ့အဖိုးအိုကိုသာ တုန်လှုပ်စွာစိုက်ကြည့်နေခဲ့မိသည်။ အချိန်အတော်ကြာပြီးတဲ့နောက်မှသာ နောက်ဆုံးသူ့ရဲ့တုန်လှုပ်နေမှုက တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး မှုန်ဝါးဝါးဖြစ်နေတဲ့ သူ့ရဲ့မျှော်လင့်ချက်တွေက ခုချိန်မှာလင်းလက်လာခဲ့သည်။
ဒီအဖိုးအိုက သူ့ခန္ဓာကိုယ်ထဲက ပြဿနာတွေကို အကြည့်တစ်ချက်တည်းနဲ့တင် ရှာတွေ့နိုင်ခဲ့ကတည်းက သူဟာလုံးဝကို သာမန်လူတစ်ယောက်မဖြစ်နိုင်တဲ့အတွက် သူ့ရဲ့စွမ်းအင် ဝင်ပေါက် ၈ ခုပြဿနာကို ဒီနေရာမှာ အမှန်တကယ်ဖြေရှင်းကောင်းဖြေရှင်းနိုင်ပေလိမ့် မည်။
ဇူယွမ်အသက်ကိုပြင်းစွာရှုလိုက်မိပြီး သူ့ရဲ့နှလုံးသားထဲကနေထွက်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုတွေကို ချိုးနှိမ်လိုက်ကာ လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး လေးစားစွာပြောလိုက် သည်။ “တွေ့ရတာဝမ်းသာပါတယ် စီနီယာ… ဒီဂျူနီယာရဲ့ နာမည်က ဇူယွမ်လို့ခေါ်ပါ တယ်…”
အဖိုးအိုက ခေါင်းညှိတ်ကာ ပြန်ပြောလိုက်သည်။ “ဒါက တကယ့်ကို ဇူကလန်က လူတစ်ယောက်ပဲ…”
အဖိုးအိုက ဇူယွမ်ကိုကြည့်လိုက်ပြီး ပြောပြဖို့ ဆုံးဖြတ်လိုက်ပုံရသည်။ အဖိုးအိုအနေနဲ့ ဇူယွမ်ရဲ့ နှလုံးသားထဲမှာဘာတွေးနေတယ်ဆိုတာကို သိတဲ့အတွက် ထူးဆန်းစွာပြုံးလိုက် ပြီး ပြောလိုက်သည်။ “မင်းဘာတွေးနေလဲဆိုတာကို ငါသိတယ်… မင်းရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုပြဿနာကို ဖြေရှင်းနိုင်ဖို့ ငါတကယ်ကူညီပေးနိုင်တယ်… ဒါပေမဲ့ ငါကမင်းကို ဘာလို့ ကူညီပေးရမှာလဲ?”
ဇူယွမ်လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့သည်။ ခဏတာတိတ်ဆိတ်သွားခဲ့ပြီးနောက် သူကအဖိုးအိုရဲ့အဖြေကို ပြန်မပေးသေးခင်မှာ ဘာပြောရမလဲဆိုတာကို စဉ်းစား ဆုံးဖြတ်လိုက်ကာ “ဂျူနီယာက ဒီနေရာကို ဘယ်နေရာဆိုတာနဲ့ စီနီယာကို ဘယ်သူလဲဆိုတာလုံးဝမသိပါဘူး… ဒါပေမဲ့ ကျွန်တော်တို့ဇူကလန်ရဲ့ ဘိုးဘေးတွေက ဒီနေရာကို လျှို့ဝှက်တဲ့လိုဏ်ခေါင်းရဲ့အနောက်မှာ ချန်ထားခဲ့တာကြောင့် စီနီယာက ကျွန်တော်တို့ ဇူကလန်ရဲ့ ဘိုးဘေးတွေနဲ့ ပတ်သက်မှုအချို့ရှိလိမ့်မယ်…”
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ဒီစကားကို ကြားလိုက်ရတဲ့အခါ ပြန်ပြောခဲ့ခြင်းမရှိပေ။
တစ်ချိန်တည်းမှာပဲ ဇူယွမ်ရဲ့ စိတ်ကပြန်လည်တည်ငြိမ်လာခဲ့ရသည်။ သူကအဖိုးအိုကို စိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာဆက်ပြောလိုက်သည်။ “ဂျူနီယာရဲ့ လက်ရှိအခြေအနေက စီနီယာရဲ့ သဘောထားကိုပြောင်းလာအောင် လုပ်နိုင်မှာမဟုတ်ပါဘူး… ဒါပေမယ့် လည်း ကျွန်တော်စီနီယာ့ကို ပြောချင်တာတစ်ခုက… စီနီယာကကျွန်တော့်ကို စောင့်နေတာ ဟုတ်တယ်မလား?”
အချိန်တိုင်း ဒီစီနီယာက သူ့ကိုစောင့်ကြည့်နေခဲ့ရပေမည်။ အဖိုးအိုရဲ့မျက်လုံးအနက်ရှိုင်းဆုံးနေရာကနေ ထူးဆန်းတဲ့အလင်းရောင်တစ်ချက်လက်သွားတာကို သူ့ရဲ့ထက်မြက်တဲ့ အာရုံကခံစားမိလိုက်ရသည့်အခါ ဇူယွမ်အတွက် သေချာသွားစေခဲ့သည်။
အဘိုးအိုရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး လဲလျောင်းနေလျက်မှ ဖြည်းညှင်းစွာ ထရပ်လိုက်မိသည်။ သူ့အနေနဲ့ ဒါကိုပြောပြဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီနောက်မှာ သူက ဇူယွမ်ကို စိုက်ကြည့်ကာ ကြောက်ရွံ့ထိတ်လန့်သွားစေရန် ပြောလိုက်သည်။ “လူငယ်လေး မင်းရဲ့စကားတွေက နည်းနည်းတော့ ရဲတင်းလွန်းတယ်… မင်းအနေနဲ့ ငါကမင်းကို စောင့်နေရလောက်အောင် အရေးပါတယ်လို့ ထင်နေတာလား?”
အဖိုးအိုရဲ့တုန့်ပြန်တဲ့ စကားကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်နှာက အနည်းငယ်ပြုံးသွားခဲ့ပြီး သူ့ရဲ့ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ “ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိဘူး… ဒါပေမဲ့ စီနီယာကတော့ ကျိန်းသေနားလည်နိုင်မှာပါ…”
အနက်ရောင်ဝတ်အဖိုးအိုက သူရဲ့ရှေးဆန်မှုတွေနဲ့ ပြည့်နှက်နေလျက်ရှိတဲ့ သူ့ရဲ့မျက်လုံးတွေနဲ့ ဇူယွမ့်ကို စိုက်ကြည့်လိုက်သည်။ ဒါပေမယ့်လည်း ဇူယွမ့်ဆီကနေ ကြောက်လန့်တဲ့အရိပ်အယောင်တွေ ဖြစ်ပေါ်မလာခဲ့တဲ့အတွက် ပြင်းထန်တဲ့ဖိအားတစ်ခု သူ့ဆီကနေထွက်ပေါ်လာခဲ့ကာ ရှေးဟောင်းတောအုပ်တစ်ခုလုံးကိုတောင်မှ လုံးဝကို ငြိမ်သက်တိတ်ဆိတ်သွားစေခဲ့သည်။
အိမ်ရဲ့အပြင်ဘက်က လိမ္မာပါးနပ်မှုရှိတဲ့လူငယ်လေးက အနည်းငယ်ပြုံးလိုက်ပြီး မွေးကင်းစကလေးငယ်လေးတစ်ယောက်လို အကြောက်အရွံ့ကင်းစွာနဲ့ အဖိုးအိုကို ကြည့်လိုက်မိသည်။
သူတို့ဇူကလန်ရဲ့ လျှို့ဝှက်စကားက အမှောင်ထဲက တိုက်ခိုက်မှုတစ်ခုမဟုတ်ဘူးဆိုတာကို သူ့အနေနဲ့ ယုံကြည်လေသည်။ အဲ့ဒါက သူ့အနေနဲ့ဒီနေရာကို ရောက်လာနိုင်ဖို့အတွက် ကျိန်းသေပေါက် အကြောင်းပြချက် တစ်ခုပင်ဖြစ်သည်။ ထပ်ပြောရရင်တော့ သူ့ရဲ့အလိုလိုသိတဲ့ စိတ်ကိုသူ့အနေနဲ့ ယုံကြည်ပေသည်။
အဖိုးအို့ရဲ့ အမူအယာက မိုးတိမ်တွေလို အုံ့မှိုင်းနေခဲ့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်မှာ အားကိုးရာမဲ့စွာနဲ့ ပြုံးလိုက်မိသည်။ သူကပြန်လည်လဲလျောင်းလိုက်ရင်းမှ သက်ပြင်းချကာ “ကြည့်ရတာ ငါကအမှန်တကယ်ကို အိုနေပြီပဲ… ကလေးတစ်ယောက်ကတောင် ငါ့ကိုမကြောက်တော့ဘူး…”
အဖိုးအိုရဲ့နောက်မှာရှိတဲ့ အစိမ်းရောင်ဝတ်မိန်းခလေးက သူမရဲ့တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဇူယွမ့်ကို တစ်ချက်ကြည့်လိုက်ပြီး အဖိုးအိုနဲ့ခြားနားစွာပင် ပြောလိုက်သည်။ “သူက သရုပ်ဆောင်နေတာ… အမှန်တကယ်က သူအရမ်းကြောက်နေတယ်…”
“အာ…”
ဇူယွမ်ရဲ့ မျက်နှာကအနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။ မကြာခင်မှာပဲ သူ့ထံမှကို့ရို့ကားရားနိုင်တဲ့ အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ အမှန်တကယ်လည်း သူ့ရဲ့နောက်ကျောမှာ အေးစက်တဲ့ချွေးတွေနဲ့ စိုရွှဲနေလျက်ရှိပေသည်။ သူ့အနေနဲ့ ကိုယ့်ကိုကိုယ်တည်ငြိမ်နိုင်အောင် ကြိုးစားနေပေမဲ့လည်း မျှော်လင့်ချက်တစ်ခုကြောင့် သူ့ရဲ့မျက်နှာက လုံးဝတည်ငြိမ်အောင် ထိန်းချုပ်မထားနိုင်ခဲ့ပေ။
“စီနီယာ…” ဇူယွမ် စိုးရိမ်ကြောင့်ကြစွာနဲ့ အဖိုးအိုကိုကြည့်ကာ ခေါ်လိုက်မိသည်။
“အင်း…” အဖိုးအိုက သူ့ရဲ့အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး ဇူယွမ့်ကိုပြောလိုက်သည်။ “ ငါကမင်းရဲ့ စွမ်းအင်ဝင်ပေါက် ၈ ခုနဲ့ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်… ဒါပေမဲ့ ငါ့မှာတောင်းဆိုချက်တစ်ခုရှိတယ်…”
“တောင်းဆိုချက်လား?” ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ ဒါပေမဲ့လည်း သူကစိတ်ပါလက်ပါနဲ့ လျှင်မြန်စွာခေါင်းညှိတ်ပြလိုက်ပြီး “ကျေးဇူးပြုလို့ပြောပါ စီနီယာ…”
အဖိုးအိုကညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ဘေးမှာကြော့ကြော့မော့မော့နဲ့ရပ်နေတဲ့ မိန်းခလေးကို ကြည့်လိုက်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။ “ငါ့အနေနဲ့ မင်းဒီနေရာကနေထွက်သွားရင် ယောင်ယောင့်ကိုခေါ်သွားပြီး သူမကိုကာကွယ်ပေးစေချင်တယ်…”
“ယောင်ယောင်လား?” ဇူယွမ်နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်သွားခဲ့ရပြီး အစိမ်းရောင်ဝတ်စုံနဲ့ မိန်းခလေးကို ကြည့်လိုက်မိသည်။ သူမရဲ့နာမည်နဲ့ သူမရဲ့အလှအပက လွန်စွာမှပင် လိုက်ဖက်ညီလှပေသည်။
“အဖိုးဟေး…” အစိမ်းရောင်ဝတ်စုံနဲ့ မိန်းခလေးက သူမရဲ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာတော့ သဘောမတူလိုမှုနှင့် ငြင်းပယ်လိုမှုအရိပ် အယောင်တွေ ပေါ်ထွက်လာခဲ့သည်။
အဖိုးအိုက မိန်းခလေးရဲ့ လက်တွေကိုညင်သာစွာဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “ယောင်ယောင်…အဖိုးဟေးမှာ လုပ်စရာအလုပ်တစ်ခုရှိတဲ့အတွက်ကြောင့် ဒီနေရာကနေ အချိန်အတော်ကြာအောင် ထွက်သွားရလိမ့်မယ်… အဖိုးမင်းရဲ့ဘေးမှာ ဆက်နေပေးနိုင်တော့မှာ မဟုတ်ဘူး…”
ယောင်ယောင်လို့ခေါ်တဲ့ မိန်းခလေးရဲ့ သလင်းကျောက်လိုတောက်ပနေတဲ့ မျက်လုံးတွေဟာ မှေးမှိန်သွားခဲ့ရသည်။ အဲ့ဒီနောက်မှာ သူမကဇူယွမ်ကိုကြည့်လိုက်ပြီး ပျော့ပျောင်းစွာပြောလိုက်သည်။ “အဖိုးဟေး… သူကအရမ်းအားနည်းလွန်းတယ်…”
ဇူယွမ်ရဲ့ မျက်နှာက မသာမယာဖြစ်သွားခဲ့ရသည်။ ဒါပေမယ့်လည်း သူကအမှန်တကယ်ကို စွမ်းအားကင်းမဲ့နေရပြီး စွမ်းအင်ဝင်ပေါက်တစ်ခုတောင် ဖွင့်နိုင်ခြင်းမရှိသေးသည့် လူတစ်ယောက်ဖြစ်ပေသည်။
အဖိုးအိုက ဒါကိုကြားလိုက်ရတဲ့အခါ ရယ်မောလိုက်ပြီး သူ့ရဲ့အကြည့်တွေက ဇူယွမ့်အပေါ်ရောက်သွားခဲ့ကာ ပြောလိုက်သည်။ “ဒီလူငယ်က ခုချိန်မှာအားနည်းနေပေမယ့်လည်း နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို ပြောနိုင်ဖို့ကခက်တယ်…”
“အဖိုးဟေး…အနာဂတ်မှာ အဖိုးဟေးကို ပြန်တွေ့ရနိုင်မှာလား?” ယောင်ယောင်က တိုးညှင်းစွာမေးလိုက်သည်။ သူမဟာ ဉာဏ်ကောင်းတဲ့မိန်းခလေးတစ်ယောက်ဖြစ်တဲ့အတွက် အဖိုးအိုရဲ့ အပြုအမူတွေဟာ အရင်ကနဲ့မတူတာကို သူမအနေနဲ့ ခံစားမိလေသည်။ ဒါက သူသွားရမဲ့နေရာဟာ အရမ်းကိုအန္တရာယ်များတဲ့နေရာဖြစ်ပြီး သူ့ရဲ့အသက်တောင်မှ အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သိနိုင်ပေသည်။
အနက်ရောင်ဝတ်စုံနဲ့ အဖိုးအိုက သူမမေးတာကိုပြန်မဖြေခဲ့ဘဲ့ သူမရဲ့လက်ကိုသာ ညင်သာစွာဆုပ်ကိုင်ခဲ့လိုက်သည်။
အဲ့ဒီနောက်သူက ဇူယွမ့်ဘက်ကိုလှည့်ကြည့်လိုက်ကာ ပြုံးလျက်ပြောလိုက်သည်။ “ဒါဆို ဘယ်လိုလုပ်မှာလဲ?”
လေးနက်တဲ့အမူအယာတစ်ခုက ဇူယွမ်ရဲ့မျက်နှာပေါ်ကို ဖုံးလွှမ်းသွားခဲ့သည်။ သူကအဖိုးအိုကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ “ကျွန်တော့်မှာ အခုချိန်စွမ်းအားမရှိပေမယ့်လည်း တကယ်လို့ တစ်ယောက်ယောက်က အစ်မကြီးယောင်ယောင်ကို ထိခိုက်နာကျင်စေတယ်ဆိုရင် သူကကျွန်တော့်ကို အရင်ဆုံးသတ်ပြီးမှပဲ လုပ်နိုင်လိမ့်မယ်လို့ စီနီယာ့ကို ကျွန်တော်ကတိပေးနိုင်တယ်…”
လူငယ်လေးရဲ့ စကားကအနည်းငယ် မရင့်ကျက်သေးတဲ့ပုံပေါ်နေပေမယ့်လည်း လူတစ်ယောက်ရဲ့မျက်ခုံးတွေကို မြင့်တက်သွားအောင်ပြုလုပ်နိုင်သည်ကို မေးခွန်းထုတ်ရန်ပင် မလိုချေ။
“အဲ့ဒါဆိုလည်း ကောင်းပြီ…” အဖိုးအိုကရယ်မောလိုက်ကာ ဇူယွမ်ကိုကြည့်လိုက်ရင်းမှ ပြောလိုက်သည်။ “ငါအခု မင်းရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုပြဿနာကိုဖြေရှင်းပေးမယ်…”
ဇူယွမ်ကချက်ချင်းကိုပဲ ကြီးစွာသောစိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပြီး အဖိုးအိုကိုစိတ်အားထက်သန်စွာ ကြည့်လိုက်မိသည်။
ဇူယွမ်တစ်ယောက် မျှော်လင့်တကြီးကြည့်နေတာကို မြင်လိုက်ရတဲ့အခါ အဖိုးအိုရဲ့ နှုတ်ခမ်းထောင့်စွန်းကနေ ထူးဆန်းတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့အင်္ကျီလက်ကို ရုတ်တရက် ရှေ့ကိုဝှေ့ယမ်းလိုက်သည်။
ဝုန်း!
မြေကြီးကပြင်းထန်စွာလှုပ်ခါသွားခဲ့ပြီး ဇူယွမ်ရဲ့ခြေထောက်အောက်မှာ နက်ရှိုင်းတဲ့ ချောက်ကြီးတစ်ခုအလား ကြီးမားတဲ့အက်ကြောင်းကြီးတစ်ခုပွင့်လာခဲ့သည်။ ၎င်းက သွေးဆုတ်ဖြူရော်ကာ ကြောက်လန့်နေတဲ့ဇူယွမ်ကို တစ်ချက်တည်းနဲ့ ဝါးမျိုသွားခဲ့သည်။
အား!
ဇူယွမ်ရဲ့ ခန္ဓာကိုယ်က ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ရပြီး သူ့ရဲ့ပါးစပ်ကနေ ကျယ်လောင်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒီလိုဖြစ်နေတဲ့အချိန်အတွင်းမှာပဲ အမှောင်ထဲကနေ ကော်လိုမျိုးစေးကပ်နေတဲ့ အနက်ရောင်အရည်တွေ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ခြေနဲ့လက်ပတ်ပတ်လည်မှာ ချည်နှောင်လိုက်ကြသည်။
အနက်ရောင်အရည်တွေက တစ်လက်မပြီးတစ်လက်မ မြင့်တက်လာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ကအရေပြားတွေ အရည်ပျော်သွားမတတ် နာကျင်မှုကို ဇူယွမ်တစ်ယောက်ခံစားလိုက်ရသည်။
ဒီအနက်ရောင်အရည်တွေက လျှင်မြန်စွာနဲ့ သူ့ရဲ့ချွေးပေါက်တွေကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဖျက်စီးနေလျက်ရှိကြသည်။ အနက်ရောင်အရည်တွေဖြတ်သန်းသွားတဲ့ သူ့ရဲ့အသွေး၊ အသား၊ သူ့ရဲ့ဝင်ပေါက်တွေအားလုံးဟာ လုံးဝကိုတိုက်စားခံလိုက်ရသည်။
ဒီအလွန်ကြီးမားတဲ့ နာကျင်မှုကြောင့် ဇူယွမ်ရဲ့နှလုံးသားထဲကို ကြောက်ရွံ့ထိတ်လန့်မှုတွေ ဝင်ရောက်လာခဲ့ပြီး သူကသေခြင်းရဲ့ အငွေ့အသက်တွေကို စတင်ခံစားလိုက်ရသည်။
တကယ်လို့သူကသေဆုံးသွားခဲ့မယ်ဆိုရင်တောင် အနက်ရောင်အရည်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို ဆက်လက်ဖျက်စီးတာကိုခွင့်ပြုပေးရမယ်ဆိုတာကို သူသိပေသည်။
ဇူယွမ်ထိတ်ထိတ်ပျာပျာနဲ့ လှုပ်ရှားလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲထားတဲ့ မူလမှော်စာလုံးသုံးခုကို တုန့်ဆိုင်းမနေဘဲ အသက်သွင်းလိုက်သည်။ ဒါပေမဲ့လည်း မူလမှော်စာလုံးသုံးခုကနေ အလင်းရောင်တွေစတင်ထွက်ပေါ်လာတဲ့အခါ အနက်ရောင်အရည်တွေက မြင့်တက်လာခဲ့ပြီး သူတို့ရဲ့အလင်းရောင်တွေကို ကွယ်ပျောက်သွားစေခဲ့သည်။ အဆုံးမှာ မူလမှော်စာလုံးသုံးခုတောင်မှ အနက်ရောင်အရည်တွေရဲ့ ဖျက်စီးခြင်းကိုခံခဲ့ရပေသည်။
မူလမှော်စာလုံးသုံးခုစလုံး လုံးဝကိုပျက်စီးသွားတဲ့အခါ ဇူယွမ်ရဲ့နှလုံးသားက လုံးဝကို ရေခဲလိုအေးစက်သွားခဲ့ရသည်။
အနက်ရောင်အရည်တွေက ဇူယွမ်ရဲ့မျက်လုံးတွေကို ဖုံးအုပ်သွားတဲ့အထိအောင် ဆက်လက်ပျံ့နှံ့လျက်ရှိသည်။ ကြီးမားတဲ့နာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီး သူ့ရဲ့မျက်လုံးထဲမှာ ကမ္ဘာကြီးတစ်ခုလုံးက မှောင်အတိကျသွားခဲ့သည်။
အမှောင်ထဲမှာ အနက်ရောင်အရည်တွေဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲကို တစ်လွှာပြီးတစ်လွှာ ဆင်းသက်ကျဆင်းလာခဲ့တာကြောင့် မူလကထက်ကို ပိုပြီးပြင်းထန်စွာနာကျင်ခံစားနေရပေသည်။
သေခြင်းတရားရဲ့ အငွေ့အသက်တွေက ပိုပိုပြီးကြီးမားပြင်းထန်လာခဲ့သည်။
ဒီဟာကအထင်မှားမှုတစ်ခုမဟုတ်ပေ။ တကယ်လို့သာ အနက်ရောင်အရည်တွေကို မတားဆီးနိုင်ခဲ့ဘူးဆိုလျှင် သူ့အနေနဲ့ အမှန်တကယ်ကို သေသွားပေလိမ့်မည်။
“ငါ ဒီနေရာမှာ မသေနိုင်ဘူး!”
“ငါ အမေ့ရဲ့ သက်တမ်းကိုပြန်ရှည်လာအောင်လို့ ကူညီရဦးမယ်! ငါ့အဖေရဲ့ လက်မောင်းကို ဆုံးရှုံးအောင်လုပ်ခဲ့တဲ့သူကို ကလဲ့စားချေရဦးမယ်! ပြီးတော့ငါ့ဆီကနေခိုးယူခံခဲ့ရတဲ့ မြင့်မြတ်တဲ့နဂါးရဲ့ ကောင်းချီးပေးမှုကို ပြန်ယူရဦးမယ်!”
“ငါ ဒါတွေအားလုံးကို အောင်မြင်အောင်မလုပ်နိုင်သေးခင် ဒီနေရာမှာ သေသွားလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ?”
“ငါမသေနိုင်ဘူး!”
အမှောင်ထဲမှာ ဒေါသတွေနဲ့ လက်မလျှော့နိုင်ကြောင်းအော်ဟစ်နေတဲ့အသံတွေက ဇူယွမ်ရဲ့နှလုံးသားထဲမှာ ပဲ့တင်ထပ်နေပြီး အော်ဟစ်သံထဲမှာတော့ အသက်ရှင်လိုတဲ့ ဆန္ဒက နက်နက်ရှိုင်းရှိုင်းကို ပါဝင်နေပေသည်။
သေခြင်းတရားကနီးကပ်လာခဲ့သလို ဇူယွမ်ရဲ့စိတ်ကလည်း ရုတ်တရက်သူ့ရဲ့ နှလုံးသားထဲကိုနစ်မြုပ်သွားခဲ့သည်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ခြေဦးတည့်ရာ သွားလာနေတဲ့ ခပ်မှိန်မှိန်အလင်းတန်းရှစ်ခုကို သူ့အနေနဲ့ကောင်းစွာမြင်တွေ့ခဲ့ရသည်။
ဒီအလင်းလမ်းကြောင်းရှစ်ခုက ပုံးကွယ်နေသောနဂါးရှစ်ကောင်နှင့်ပင် ဆင်တူပေသည်။
“ဒါတွေက ကျင့်ကြံခြင်းရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုလား?”
ဇူယွမ်ရဲ့နှလုံးသားက ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ပြီး သူကအလင်းလမ်းကြောင်း ရှစ်ခုကိုစိုက်ကြည့်နေလျက်ရှိကာ တဖြည်းဖြည်းနဲ့သဘောပေါက် နားလည်နိုင်စွမ်း တိုးပွားလာခဲ့သည်။ ဒါဆို ဒီလမ်းကြောင်းရှစ်ခုက သူငယ်ငယ်လေးကတည်းကနေ ပြန်ပေါ်ထွက်မလာခဲ့တဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုပဲပေါ့။
ဝေါင်း!
သေခြင်းတရားကအမှန်တကယ်ကို နီးကပ်လာတဲ့အခါ သူတို့ကအန္တရာယ်ကို ခံစားမိပုံပေါ်ပြီး ချက်ချင်းပဲ ဖြည်းညှင်းစွာတွန့်လိမ်သွားခဲ့ကြကာ တိုးညှင်းတဲ့နဂါးအော်သံတွေကို ထုတ်လွှတ်ပေးလျက်ရှိကြသည်။
ဝှစ်!
ဇူယွမ်ရဲ့ခန္ဓာကိုယ် အနက်ရှိုင်းဆုံးလျှို့ဝှက်နေရာကနေ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့အလင်းရောင်တွေက ရုတ်ခြည်းပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အလင်းရောင်တွေပျံ့နှံ့လာသည့်အခါ အနက်ရောင်အရည်တွေက သာမန်မျက်လုံးနဲ့ မြင်တွေ့နိုင်လောက်သည့်အရှိန်နဲ့အတူ စတင်ပျောက်ကွယ်သွားခဲ့ကြသည်။
အသက်ရှုချိန်အနည်းငယ်ကြားပြီးတဲ့နောက်မှာ မှောင်မဲနေမှုကလုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
တင်းကျပ်စွာပိတ်ထားတဲ့ ဇူယွမ်ရဲ့မျက်လုံးတွေက ဒီအချိန်မှာပွင့်လာခဲ့ပြီး တောက်ပတဲ့ အလင်းရောင်တွေက မျက်လုံးထဲမှာနောက်တစ်ကြိမ်ထပ်မံ စီးဆင်းသွားခဲ့သည်။ ဇူယွမ် တစ်ယောက်လဲကျသွားခဲ့ပြီး သူ့ရဲ့ငယ်ရွယ်တဲ့မျက်နှာလေးမှာ ချွေးတွေနဲ့စီးကျနေကာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရေလောင်းချထားတဲ့အလား စိုရွှဲနေပေသည်။
ဟောဟဲ…ဟောဟဲ!
ဇူယွမ်ပင့်သက်ရှိုက်လိုက်မိပြီး သူ့ရဲ့ဘေးပတ်ပတ်လည်ကိုလျှင်မြန်စွာကြည့်လိုက်မိသည်။ သူကအိမ်ရှေ့မှာပဲဆက်ရှိနေကာ စောစောကအဖြစ်အပျက်အားလုံးက လှည့်စားမှုတစ်ခုကဲ့သို့ပင်။
“စောစောက ထင်ယောင်ထင်မှားဖြစ်သွားခဲ့တာလား?” ဇူယွမ်က မေးလိုက်သည်။
“မင်းဘယ်လိုထင်လဲ?” သူ့ရဲ့ရှေ့ကနေ အသက်ကြီးကြီးအသံတစ်ခု ပျံ့လွင့်လာခဲ့သည်။ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အဖိုးအိုက ဇူယွမ်ကိုကြည့်ကာ ပြုံးနေခဲ့သည်။
ဇူယွမ်ရဲ့အမူအယာက ချက်ချင်းကိုလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ စောစောတုန်းက သူ့အနေနဲ့ အမှန်တကယ် သေခြင်းတရားကို ရင်ဆိုင်ခံစားခဲ့ရသည်။ သူ့ရဲ့လက်ကို ဖြည်းညှင်းစွာမြှောက်ကြည့်လိုက်မိသည့်အခါ သူ့ရဲ့မျက်ခုံးတွေကျုံ့သွားခဲ့ရသည်။
သူ့ရဲ့လက်ချောင်းထိပ်မှာ မှေးမှိန်ကာပျောက်ကွယ်နေတဲ့အနက်ရောင် အစက်ကလေးတစ်ခုကို တွေ့လိုက်ရသည်။
ဒါကို အမှန်တကယ်ကို စောစောကကြုံတွေ့ခဲ့ရသည့် အမဲရောင်အရည်နှင့် တူပေသည်။
“ဒါကတကယ်ပဲလား?” ဇူယွမ်ရဲ့နှလုံးသားက တုန်ခါသွားခဲ့ရသည်။ ခုချိန်မှာ စောစောကအဖြစ်အပျက်တွေက အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ သေချာသွားခဲ့သည်။ ဒီအဖိုးအိုရဲ့နည်းလမ်းတွေကို လုံးဝကိုစိတ်ကူးကြည့်ဖို့ မဖြစ်နိုင်ဘူးဘဲ။
အဖိုးအိုကရယ်မောကာပြောလိုက်သည် “မင်းခန္ဓာကိုယ်ထဲက ပြောင်းလဲမှုကိုလည်း ခံစားကြည့်လိုက်…”
အဖိုးအိုရဲ့စကားကို ကြားလိုက်ရတဲ့အခါ ဇူယွမ်ကမျက်လုံးတွေကို မှိတ်ကာ အာရုံစိုက်လိုက်သည်။ ဒီအချိန်မှာပဲ သူ့ရဲ့နှလုံးသားက မိုးကြိုးပစ်ချခံလိုက်ရသလို တုန်ခါသွားခဲ့ရပြီး သူ့ရဲ့ငယ်ရွယ်ပြီး ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပေါ်ထွက်လာခဲ့သည်။
ဒီအရာက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဝင်ပေါက် ၈ ခုကိုရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည့်အတွက်ကြောင့်ဖြစ်ပေသည်။ သူတို့တွေရဲ့ပုံစံဟာ ပုန်းကွယ်နေတဲ့နဂါးတွေ နက်ရှိုင်းလှတဲ့ချောက်ထဲကနေ ပျံသန်းထွက်ခွာလာနေပုံနှင့်တူပေသည်။
ဒီစွမ်းအင်ဝင်ပေါက်ရှစ်ခုက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းမှုအဖြစ်သတ်မှတ်ထားတဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုနှင့် အရမ်းကိုတူညီပေသည်။
ဇူယွမ်ရုတ်တရက် သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားမှုတွေ ထိန်းမရအောင်ထွက်ပေါ်နေပေသည်။ သူကအဖိုးအိုကို စိုက်ကြည့်လိုက်ပြီး တုန်ရီစွာပြောလိုက်သည်။
“ကျွန်တော်…ကျွန်တော့်ရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခု ပေါ်လာခဲ့ပြီလား?!”

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now