အပိုင်း(၂၈) ပါရမီရှင်အတန်း

38 7 0
                                    

တော်ဝင်နန်းတော်အတွင်း...

"ကောင်းတယ်... ကောင်းတယ်... ယွမ်အာက ငါတို့ဇူကလန်ရဲ့ အစစ်အမှန်နဂါးတစ်ကောင်ပဲ..."

ထမင်းစားစားပွဲမှာတော့ ဇူချင်ရဲ့မျက်နှာပေါ်မှာ ဖြတ်လတ်တက်ကြွမှုတွေနဲ့ ပြည့်နှက်နေကာ သူရဲ့အမြဲတမ်းတင်းမာခက်ထန်တဲ့အမူအယာတွေအစား အခုချိန်မှာ ဖုံးဖိမရနိုင်လောက်တဲ့ ပျော်ရွှင်မှုတွေက အစားထိုးဝင်ရောက်နေပေသည်။ သူက အားပါးတရပြုံးနေသကဲ့သို့ ဇူယွမ်ကိုကြည့်လိုက်ကာ ရယ်မောရင်းမှပြောလိုက်သည်... "ချူထျန်းယန်က နန်းတော်ကို အထူးတလည်ရောက်လာခဲ့ပြီးတော့ သားကိုအလွန်အမင်းချီးကျူးခဲ့တာကို သားမသိခဲ့ဘူးမလား..."

ဒီနေ့ကျောင်းသားသစ်စာမေးပွဲမှာ ဇူယွမ်ရဲ့စွမ်းဆောင်မှုက သူ့ကိုစိတ်ဝင်တစားဖြစ်သွားစေခဲ့တာ ထင်ရှားလှပေသည်။

ဘေးနားမှာထိုင်နေတဲ့ ချင်ယုကလည်း ဇူယွမ့်ကို စိတ်ဝင်စားစွာဖြင့်ကြည့်နေသကဲ့သို့ သူမရဲ့မျက်လုံးတွေထဲမှာလည်း တူညီစွာပင် အပျော်တွေနဲ့ပြည့်နှက်နေရပေသည်။

ဇူယွမ်က သူ့ရဲ့စားစရာတွေကို စားနေခဲ့လိုက်ပြီး ဇူချင်နဲ့ချင်ယုတို့ရဲ့ ချီးကျူးနေမှုကို အပြုံးဖြင့်ပြန်လည်တုံ့ပြန်လိုက်ရင်းမှ သူကပြောလိုက်သည်... "ဒါက ကျောင်းသားသစ်စာမေးပွဲပဲရှိပါသေးတယ်... အရေးအကြီးဆုံးတစ်ခုက နှစ်ကုန်မှာပြုလုပ်မယ့် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲပဲ..."

ဇူချင်က ဒါကိုကြားလိုက်ရတဲ့အခါ ခေါင်းညိတ်ပြလိုက်ပြီး အားရဝမ်းသာပြောလိုက်သည်... "နိုင်ပွဲရသွားပြီဆိုပြီး လေ့ကျင့်မှုတွေကိုလည်း လစ်ဟင်းမသွားစေနဲ့ဦး... လူရှုပ်ကလေး သားကနှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရတဲ့အတွက်ဒီလိုမျိုးဖြစ်သွားမှာတော့ မဟုတ်ပါဘူး..."

"နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အမှန်တကယ်ကို အရမ်းအရေးကြီးတယ်..."

ဇူချင်ဖြည်းညှင်းစွာဆက်ပြောသည်... "ချီအိမ်တော်က တော်ဝင်ဇူကျောင်းတော်ကို မျက်စိကျနေခဲ့တဲ့အတွက် အချိန်အတော်ကြာတည်းက လျှို့ဝှက်အကြံအစည်တွေရှိခဲ့ကြတယ်... သူတို့ကိုသာ နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာထပ်ယူနိုင်ဖို့ ခွင့်ပြုခဲ့ရမယ်ဆိုရင် သူတို့တွေ ခက်ခဲတဲ့အရာတွေ စတင်ပြုလုပ်လာမှာကို ငါစိုးရိမ်မိတယ်..."

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now