When I First Saw You,

393 49 18
                                    

[ Unicode ]

ဖုန်းဖန်သားပြင်ထက်က အဆုံးသတ်ပြီးဖြစ်သည့် ဖုန်း​ခေါ်ဆိုမှုကို ကြည့်ရင်း Minhyung တစ်​ယောက် စိတ်ညစ်စွာ သက်ပြင်းချမိသည်။

အမှန်တကယ်တော့ဖြင့် ​စိတ်ညစ်စရာ ​ထွေ​ထွေထူးထူးကိစ္စရယ်လို့လည်း မဟုတ်ပြန်။

မိဘဖြစ်သူတို့မှာ သူ့အား လာကြိုရန် ​မေ့​လျော့သွားခြင်းကြောင့် ​မြေ​အောက်ရထားကိုသာ စီးနှင်းနေရခြင်းပဲ​လေ။

တစ်ဖက်ကကြည့်ပြန်​တော့လည်း မိခင်မှာ အရက်ဖြတ်အသင်းသို့ သွား​ရောက်​နေရပြီး ဖခင်ဖြစ်သူမှာ​တော့ ကွာရှင်းရန်ကိစ္စနှင့် လုံးပန်း​နေခြင်း​ကြောင့် Minhyungကို ​မေ့​လျော့​နေကြခြင်းပင်။

Minhyung၏ တက္ကသိုလ် ​နောက်ဆုံးစာ​မေးပွဲ ၊ တစ်နည်းအားဖြင့် တက္ကသိုလ်​ကျောင်းသား ​ဆိုသည့် ​ခေါင်းစဥ်​အောက်က ထွက်ခွာလာရသည့် ​
သည်နေ့တွင် ညစာအတူစားကြရန် လွန်ခဲ့သည့် လပိုင်းကတည်းက စီစဥ်ပြီးသား။

လအနည်းငယ်​လေးအတွင်းမှာပင် ဖြစ်ပျက်ခဲ့သည်များဟာ သိပ်ကိုမြန်ဆန်လွန်းခဲ့သည်ပဲ။

အိမ်​ထောင်​ရေးတစ်ခု ပြိုကွဲရန် သည်​လောက်ပင် လွယ်ကူ​လွန်းသည်တဲ့လား။

ပလာစတာကပ်ထားသည့် လက်ညှိုးထိပ်​နေရာကို ခပ်နာနာဖိကြည့်​တော့ နာကျင်မှုဟာ စူးခနဲနှင့်။

သည်ဒဏ်ရာဟာ မ​နေ့ညက အမူးလွန်​နေ​သော မိခင်ဖြစ်သူနှင့် ဖခင်တို့ စကားများ ငြင်းခုံကြပြီး ရိုက်ခွဲထားကြ​သော ဖန်ကွဲစများကို ​ကောက်ယူသိမ်းဆည်း​ပေးရင်း ရရှိထား​သော အမှတ်အသား။

သည်အတိုင်းဆို ကွာရှင်းပြတ်စဲကြဖို့ဟာ ရာခိုင်နှုန်းသိပ်များ​လွန်းနေသည်။

" အန်တီ .. လာ ဒီမှာထိုင်လိုက်ပါ "

ခပ်ပါးပါးနှင့် နူးညံ့သည့် အသံလွင်လွင်တစ်ခု နားစည်ထဲ တိုး​ဝှေ့ရင်း ဝင်​ရောက်လာမှ Minhyung ၏ အသိစိတ်ဟာ ပစ္စုပ္ပန်ဆီ ပြန်လည်​ရောက်ရှိလာသည်။

ဂစ်တာကြိုးတို့မှ ထုတ်လွှတ်​သော သံစဥ်တို့လို
သာယာ​နာ​ပျော်ဖွယ်​ကောင်းသည့်အသံတစ်ခု၊ ဂစ်တာကြိုးတို့၏ အသံတို့နှင့်​ တူညီ​နေသည်​တော့လည်းမဟုတ်ပြန်။

When I First Saw You, (One Shot)Where stories live. Discover now