Unicode
"အကိုကြီး ဒါ ကျွန်တော့်သူငယ်ချင်း Kim Tae Hyungတဲ့ "
"Tae Hyung ဒါ ငါ့အကိုလေ Jeon Jungkook"
ဂျောင်ဟိုနဲ့ Tae Hyungက တက္ကသိုလ်မှာကထဲက ခင်လာခဲ့ကြတာဖြစ်သည်။ အရပ်ရှည်ရှည်၊ မျက်နှာခပ်ဝိုင်းဝိုင်းနဲ့ ဂျောင်ဟိုက Tae Hyung ရဲ့ အခင်မင်ဆုံးသော သူငယ်ချင်းများထဲမှ တစ်ယောက်။
ဂျောင်ဟိုက အကိုတစ်ယောက်ရှိတယ်လို့ Tae Hyung သိထားပေမယ့် တစ်ခါမှ မမြင်ဖူးခဲ့။ ခင်တာ ကြာပြီဖြစ်ပါသော်လည်း တစ်ကြိမ်တစ်ခါမှ မိတ်ဆက်ပေးဖူးခြင်း မရှိခဲ့။
အခု ဂျောင်ဟိုရဲ့ 22ပြည့်မွေးနေ့ပါတီမှာမှသာ ပထမဆုံး တွေ့ဖူးတာဖြစ်သည်။ ဂျောင်ဟိုထက် ၈ နှစ်လောက်ကြီးတယ်လို့ ကြားဖူးခဲ့တာကြောင့် Tae Hyungထက်လည်း ၈ နှစ်လောက် ကြီးမည်။
Tae Hyung က သူ့ရှေ့မှ Jungkook ကို တစ်ချက်မျှ လှမ်းကြည့်အကဲခတ်မိသည်။
ထိုလူက businessman မို့ထင်၊ Tae Hyungတို့လို လူငယ်ဆန်ဆန်အငွေ့အသက်တွေမဟုတ်ပဲ suitကို သေသပ်ကျနစွာ ဝတ်ဆင်ထားကာ လူကြီးဆန်ဆန် အရှိန်အဝါတစ်ခုက တလှပ်လှပ် ထိုးထွက်တောက်ပနေသည်။
ဆံပင်များကို ဂျယ်လ်ဖြင့် အသေအချာ သပ်တင်ထားသည်မို့ နဖူးပြင်က ထင်လင်းနေပါသော်လည်း ထိုကဲ့သို့ နဖူးဖော်ထားသည်ကပဲ ထိုလူ့ကို ပိုကြည့်ကောင်းစေသည်ဟု Tae Hyung တွေးမိလိုက်တယ်။
မျက်နှာကျက ဂျောင်ဟိုနှင့် ခပ်ဆင်ဆင်ဖြစ်နေသော်လည်း ထိုလူရဲ့ မေးရိုးက ပို၍ ပြတ်သားထင်ရှားသည်။
ဂျောင်ဟို၌ ရှိသော ကလေးငယ်လေးများကဲ့သို့ တလက်လက်တောက်ပနေသည့် မျက်လုံးကြည်များ ထိုလူ့ထံ၌ မရှိ။ ထိုအစား ထက်သန်စူးရှလွန်းသော မျက်လုံးများက စွဲ့ညှို့ချက်ပြင်းစွာပဲ အပြည့်အဝ နေရာယူထား၏။
"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က Kim Tae Hyungပါ"
မိတ်ဆက်စကားဆိုကာ လက်ကမ်းပေးလိုက်တော့ လက်ကို ပြန်ဆုပ်ကိုင်ကာ နှုတ်ဆက်လာတဲ့ ထိုလူ။
"ကိုယ်ကတော့ Jeon Jungkookပါ"
အိုး! ဒီလူရဲ့ အသံက ဘာလို့ အခုလောက်ထိ နားထောင်လို့ ကောင်းနေတာလဲ?